
ဂျာမနီ အပါအဝင် ဥရောပ ၅ နိုင်ငံသို့ မြန်မာ့လက်ရွေးစင် အသင်း ခြေစမ်းခရီးစဉ် သွားရောက်မည်
August 19, 2016
မြန်မာ ယူ-၁၉ အသင်း ဒုတိယ ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ကစားမည်
August 23, 2016မကွေးအသင်း အနိုင်ရ ဗိုလ်စွဲသွားခဲ့သည့် General Aung San Shield 2016 ဗိုလ်လုပွဲမှ ကစားသမား မပီသသည့် အပြုအမူ အတွက် မကွေးအသင်း တိုက်စစ်မှူး ဆိုင်လာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်သည်။
ဆိုင်လာသည် မကွေးအသင်း၏ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး အဆိုပါ ဗိုလ်လုပွဲစဉ်တွင်လည်း အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့ကာ အရေးပါသည့် အနိုင်ဂိုး ရရှိစေရန် အဓိက အားထုတ်ခဲ့သူ ဖြစ်သည်။ သို့သော် ဆိုင်လာ အနေဖြင့် ပွဲအပြီး အသင်းလိုက် ကွင်းပတ် အောင်ပွဲခံစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်း ခုံတန်းရှေ့အရောက်၌ ရန်ကုန် ပရိသတ်အား နှုတ်ဆက်ရင်း မလျှော်ကန်သည့် အမူအရာ ပြုလုပ်ပြခဲ့သဖြင့် ရန်ကုန် ပရိသတ်များက ရေသန့်ဘူးများဖြင့် ကွင်းအတွင်း ပစ်ပေါက်ခဲ့ကြသည်။
သို့ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ အဆိုပါ အပြုအမူ အတွက် အရေးယူပေးပါရန် တင်ပြလာခဲ့ သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် သြဂုတ် ၁၉ ရက်တွင် အစည်းအဝေး ပြုလုပ်ကာ တင်ပြထားသည့် ပူးတွဲပါ အစီရင်ခံစာများနှင့် ပြိုင်ပွဲကြီးကြပ်သူ တင်ပြလာသည့် အစီရင်ခံစာများကို ဖတ်ရှုသုံးသပ်ခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ပြီးနောက် ဆိုင်လာအနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သဖြင့် အရေးယူမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဆိုင်လာ အနေဖြင့် ၂၀၁၆ ဘောလုံးရာသီ လက်ကျန်ပွဲ အပါအဝင် ၂၀၁၇ ဘောလုံးရာသီ ပွဲစဉ်များ အထိ အနီးစပ်ဆုံး ၆ ပွဲ ပါဝင်ကစားခွင့် ရရှိမည် မဟုတ်ဘဲ ဒဏ်ကြေးငွေ ၃၀၀၀၀၀ (သုံးသိန်းကျပ်) ပေးဆောင်ရမည် ဖြစ်သည်။
အလားတူပင် ပရိသတ်များမှ ကွင်းအတွင်းသို့ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် ရန်ကုန်ယူနိုက်တက် အသင်းအား အဆိုပါ ဖြစ်ရပ်မျိုး နောင်မဖြစ်ရန်နှင့် ထပ်မံ၍ အလားတူ ဖြစ်စဉ်မျိုး ပေါ်ပေါက်လာခဲ့ပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့သည်။