YOUTH NEWSPAPER CUP 2016 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ရက်ပြောင်းရွှေ့
October 5, 2016လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးဒိုင်လူကြီးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲကျင်းပ
October 14, 2016ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ဒေသစံတော်ချိန် ညနေ(၃း၃၀)နာရီက ဆိုက်ပရပ်နိုင်ငံ Ethnikos Achnas Stadium တွင် ဥရောပ U21 ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် ဆိုက်ပရပ် ယူ၂၁ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ (၃-၁)ဂိုးဖြင့် အိမ်ရှင်အသင်းအား အရေးနိမ့်ခဲ့သည်။ ဆိုက်ပရပ်စ် အသင်းသည် တူရကီ ယူ၂၁ အသင်းအား အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အသုံးပြုခဲ့သော ကစားသမား အများစုဖြင့် ပွဲထွက်လာခဲ့ပြီး မြန်မာအသင်းအား လျင်လျင်မြန်မြန်ဖြင့် ဖိအားပေး ကစားသွားခဲ့သည်။
မြန်မာအသင်းတွင် ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်း – ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ အလယ်တန်း-ရန်အောင်ကျော်၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ အောင်သူ၊ ရှေ့တန်း- သန်းပိုင် တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ဆိုက်ပရပ်စ်အသင်း ခွန်အား၊ အရပ်အမောင်း အားသာချက်ဖြင့် လျင်လျင်မြန်မြန် ထိုးဖောက် ကစားခဲ့ရာ မြန်မာအသင်း ကွင်းလယ်ခံစစ် ကျစ်လစ်စွာဖြင့် ထိန်းကစားနေခဲ့သည်။ ပွဲချိန် ၂၀ မိနစ်တွင် ညတောင်ပံမှ မျိုးကိုထွန်း ထိုးဖောက် တိုက်စစ်ဆင်မှုကို ဆိုက်ပရပ် နောက်တန်း ဥပဒေပ ဖျက်ထုတ်သဖြင့် မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ပြစ်ဒဏ်ဘောအား နန္ဒကျော်မှ တိုက်ရိုက် ကန်သွင်းပြီး မြန်မာအသင်း (ဝ-၁)ဂိုးဖြင့် ပွဲကို ဦးဆောင် ကစားစေခဲ့သည်။ သို့သော် ၂ မိနစ်အကြာတွင် မြန်မာဂိုး ဧရိယာအတွင်း အမြင့်ဘော ယှဉ်လုရာမှ ဆိုက်ပရပ်စ် ကစားသမားတစ်ဦး လဲကျသွားသဖြင့် ကွင်းလယ်ဒိုင်မှ အပြင်းပွါးဖွယ် ပင်နယ်တီ ပေးခဲ့သည်။ ပင်နယ်တီအား ကျောနံပါတ်(၆) Papafotis မှ ကန်သွင်းယူပြီး (၁-၁)ဂိုး ဖြစ်စေခဲ့သည်။ ပထမပိုင်း ပြီးကာနီး ပွဲချိန် ၄၃ မိနစ်တွင် ဆိုပ်ပရပ်စ်အသင်းကွင်းလယ်လူ Papafotis ထောင့်ကန်ဘောအား ထပ်ဆင့် တင်ပို့မှုမှ မြန်မာအသင်း နောက်တန်းနှင့် ဂိုးသမား နားလည်မှု လွဲပြီး အိမ်ရှင်အသင်း ဒုတိယဂိုး ရရှိသွားခဲ့သည်။
မြန်မာအသင်း အနေဖြင့် ပထမပိုင်းတွင် အပိုင် ဂိုးသွင်းခွင့် (၂)ကြိမ် နှင့် ဒုတိယပိုင်းတွင် (၂)ကြိမ် ရရှိခဲ့သော်လည်း ကံခေခဲ့သည်။ ဆိုက်ပရပ်စ် အသင်းအတွက် တတိယဂိုးကိုလည်း ကွင်းလယ်လူ Papafotis ကပင် ပြစ်ဒဏ်ဘောမှ ကန်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် သန်းပိုင်အစား ဝင်းနိုင်စိုး၊ မျိုးကိုထွန်း အစား မောင်မောင်လွင်၊ ရန်နိုင်ဦးအစား ဟိန်းသီဟဇော်၊ အောင်သူအစား ဆမ်လမ်မန်၊ ရဲကိုဦးအစား လှိုင်းဘိုဘိုတို့ (မိနစ်ခြား) ဝင်ရောက် ကစားသွားခဲ့သည်။