AFF Suzuki Cup 2016 Trophy Tour & Promotion
November 1, 2016မြန်မာနှင့် အင်ဒိုနီးရှား ခြေစွမ်းပွဲ ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးခဲ့
November 4, 2016မြန်မာ့လက်ရွေးစင် အသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင် အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲအကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၁း၀၀ နာရီက ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ အင်ဒိုနီးရှား အသင်းဘက်မှ နည်းပြချုပ် အဲဖရက် ရီဒယ်နှင့် အဓိက ကစားသမား တစ်ဦးဖြစ်သည့် အာဖန်တို့ တက်ရောက် ခဲ့ပြီး မြန်မာအသင်းဘက်မှ နည်းပြချုပ် ဂတ်ဆီဇီနှင့် အသင်းခေါင်းဆောင် ရန်အောင်ကျော်တို့ တက်ရောက် ခဲ့ကြသည်။
အင်ဒိုနီးရှား အသင်း နည်းပြချုပ် အဲဖရက်ရီဒယ်က အဝေးကွင်းတွင် အသင်းကောင်း တစ်သင်းနှင့် ကစားလို၍ မြန်မာနိုင်ငံသို့ လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ “မြန်မာနဲ့ ခြေစမ်းပွဲ မတိုင်မီ အင်ဒိုနီးရှားမှာ ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးခဲ့ပါပြီ။ ဆူဇူကီး ပြိုင်ပွဲက အဝေးကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အဝေးကွင်း အတွေ့အကြုံ လိုချင်တဲ့ အတွက် မြန်မာလို အသင်းကောင်း တစ်သင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပွဲပြီးရင်လည်း ဟနွိုင်းကို သွားပြီး ဗီယက်နမ်အသင်းနဲ့ ကစားဦးမှာပါ”ဟု ဆိုခဲ့သည်။
ထို့အပြင် ၎င်းက ဆက်လက်၍ မြန်မာအသင်း၏ ကစားပုံများကို မြန်မာအသင်း ကစားခဲ့သည့် ပွဲအခွေများကို ကြည့်ရှုကာ လေ့လာထားကြောင်း၊ မြန်မာ အသင်းသည် စုစည်းအား ကောင်းမွန်ပြီး အရည်အသွေးရှိ ကစားသမားများ ပိုင်ဆိုင်ထားသည့် အသင်း ဖြစ်သောကြောင့် ပြိုင်ဘက်ကောင်း တစ်သင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီကမူ အင်ဒိုနီးရှား အသင်းနှင့် မြန်မာအသင်းတို့၏ ခြေစမ်းပွဲမှာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဟု ဆိုသည်။ “ဆူဇူကီးဖလားလို ပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေချိန်မှာ အင်ဒိုနီးရှားလို ခြေစွမ်းကောင်းတဲ့ အသင်းတစ်သင်းနဲ့ ခြေစမ်းခွင့်ရတဲံ အတွက် ဝမ်းသာမိပါတယ်။ အင်ဒိုနီးရှားရဲ့ နောက်ဆုံးခြေစမ်းပွဲ ရလဒ်တွေအရ သူတို့ခြေစွမ်းကို လျော့တွက်လို့ မရပါဘူး။ မနက်ဖြန် ကစားမယ့် မြန်မာအသင်းနဲ့ ပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”ဟု ပြောကြားခဲ့သည်။
ခြေစမ်းပွဲများကြောင့် အဓိက ကစားသမားများ ဒဏ်ရာရရှိကာ ပြိုင်ပွဲကြီးအား လွဲချော်မည်ကို စိုးရိမ်နေမှုအပေါ် မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက “အဓိက ကစားသမားတွေ ဒဏ်ရာရပြီး ပြိုင်ပွဲကြီးနဲ့ မလွဲစေဖို့ အတွက် ကစားသမားတွေကို ခြေစမ်းပွဲတွေမှာ အထူးဂရုပြုပြီး အသုံးချ သွားမှာပါ”ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် အဓိက နောက်ခံလူ အောင်ဇော်မှာ ဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နှုတ်ထွက်လိုက်ရပြီ ဖြစ်သော်လည်း နည်းပြချုပ်က အခြားခံစစ်ကစားသမားများ ဖြစ်သည့် ဖြိုးကိုကိုသိန်း၊ ဇော်မင်းထွန်း၊ သိန်းဇော်၊ ဝင်းမင်းထွဋ်တို့ ရှိနေသောကြောင့် ခံစစ်ပိုင်းတွင် အားနည်းမှု မရှိကြောင်း ဆိုခဲ့သည်။
မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် မနက်ဖြန် အောက်တိုဘာ ၄ ရက် ညနေ ၅း၀၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းကစားကြမည် ဖြစ်သည်။ ခြေစမ်းပွဲ အတွက် လက်မှတ်များကို အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး ယနေ့ နံနက်ပိုင်းက စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တည်ရှိရာ Goal Hotel၊ သုဝဏ္ဏကွင်း ဝင်ပေါက် အမှတ်(၄)၊ အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်၊ ပဒုမ္မာကွင်း အထူးတန်း ဝင်ပေါက်များတွင် ရောင်းချပေးနေပြီ ဖြစ်သည်။ ပွဲနေ့တွင်လည်း ဂိတ်ပေါက်များ၌ လက်မှတ်များကို ဝယ်ယူနိုင်သည်။ ယခုပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား မှလည်း တိုက်ရိုက် ပြသသွားမည် ဖြစ်သည်။