National Football Academy (Yangon)
February 10, 2017MFF နှင့် MNL တို့၏ HYDRATION PARTNER အဖြစ် 100 PLUS နှင့် လက်မှတ်ရေးထိုး စာချုပ်
February 11, 2017မကြာမီ ဖွင့်လှစ်မည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် ဘောလုံးနှင့် အတန်းပညာရေး သင်ကြားမည့် လူငယ် မျိုးဆက်သစ် ကစားသမားများ ရွေးချယ်ခေါ်ယူရေး နှင့်ပတ်သတ်၍ MFF နည်းစနစ် ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ နည်းစနစ် ကျွမ်းကျင်သူများ ဖြစ်သည့် စင်ကာပူ နိုင်ငံသား မစ္စတာ ဆီဗာဂျီ၊ ပြည်တွင်းမှ နည်းစနစ် ကျွမ်းကျင်သူများ နှင့် ဝါရင့် အတွေ့အကြုံရှိသူများ ဖြစ်သည့် MFF အထွေထွေ အတွင်းရေးမှူးဟောင်း ဦးတင်အောင်၊ AFC Instructor ဦးဝင်းသူမိုး(YUFC)၊ ရွှေခေတ် လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ဦးတင်အောင် (ဂိုး)၊ ဦးအေးမောင်ကြီး (MFF နည်းစနစ်ဌာန)၊ လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး)၊ စည်းကမ်းထိမ်းသိန်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်၊ နည်းပြကော်မတီ ဥက္ကဋ္ဌ ဦးညဏ်ဝင်း (YUFC)၊ နည်းစနစ် ကော်မတီဝင် များဖြစ်သည့် မကွေးအက်ဖ်စီမှ ဦးစိုးမင်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“အကယ်ဒမီ အတွက် ကစားသမားရွေးချယ်တဲ့ နေရာမှ သေချာဂရုစိုက်ပြီး လုပ်ဖို့လိုတယ်။ နိုင်ငံတဝန်းလုံးက အကယ်ဒမီ ကို ရောက်လာတဲ့ ကစားသမားတွေ တစ်ချိန်ချိန်မှာ နိုင်ငံလက်ရွေးစင် အတွက်ရော ဘောလုံး လောက တစ်ခုလုံးအတွက်ပါ အားထားရပါလိမ့်မယ်။ ဘောလုံး ပညာအပြင် ကျောင်းပညာရေး အတွက်လည်း စနစ်ကျနတဲ့ သင်ကြား ပို့ချမှုတွေ လုပ်ပေးသွားမှာပါ။ Language အပိုင်းကိုရော ကျောင်းပညာရေးရော ဘောလုံးပညာနဲ့ ပူးတွဲ သင်ကြားမှုတွေ ပြုလုပ်သွားဖို့ ကျကျနန လုပ်ဆောင်သွားဖို့ လိုပါတယ်။ လူရွေးချယ်တဲ့နေရာမှာလည်း ရုပ်သံ အထောက် အထားတွေနဲ့ ကြည့်ပြီး ဘယ်ကစားသမားကို ဘာကြောင့်ရွေးတယ်။ ဘာကြောင့် မရွေးဘူးဆိုတာကို ပွင့်လင်းမြင်သာအောင် လုပ်ဆောင်သွားမယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က ကော်မတီဝင်များအား မှာကြားခဲ့သည်။
အစည်းအဝေးတွင် MFF နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်က ကစားသမား ရွေးချယ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့ပြီး အခြေခံ ကောင်းမွန်ပြီး အလားအလာ ရှိသည့် လူငယ်များအား နိုင်ငံဒေသ အသီးသီးရှိ မြို့နယ် ၅၂ မြို့နယ်ကို အခြေခံ၍ စနစ်တကျ ရွေးချယ်ရေး၊ အကယ်ဒမီတွင် အတန်းပညာ၊ ဘောလုံးပညာ သင်ကြားရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း စေမည့် ကာယ ဉာဏ ကြံ့ခိုင် ဖွံဖြိုးသော ကစားသမားများ ပေါ်ထွက်လာစေရေး အတွက် အစားအသောက် အာဟာရ ပြောင်းလဲ ကျွေးမွေးရေး၊ အသက်အရွယ် အပိုင်းအခြား အလိုက် ရွေးချယ်မှု ပြုလုပ်ရာတွင် အသက်(၁၁)နှစ်အောက် မှစ၍ ရွေးချယ်သွားရေး၊ ရွေးချယ်မှုများ ပြုလုပ်မည့် မြို့နယ်များ စာရင်းနှင့် လူရွေးချယ်မှု ပြုလုပ်မည့် အစီအစဉ် အသေးစိတ်ကို သတင်းမီဒီယာများ၊ ဆိုရှယ်မီဒီယာများမှ တဆင့် တစ်တိုင်းပြည်လုံး ရှိ ပြည်သူလူထု သိရှိရန် ကြိုတင် ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ရေးတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ရွေးချယ်ခံရသည့် ကစားသမားများသည် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် ပညာသင်ကြားရမည် ဖြစ်ပြီး ကစားသမားကောင်း လူရည်ချွန် များဖြစ်လာစေရန် အားထုတ် ကြိုးပမ်းရမည်ဖြစ်သည်။
(ကစားသမား ရွေးချယ်ရေး Scouting စတင်ပြုလုပ်မည့် အစီအစဉ်များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် Official Website ဖြစ်သည့် www.the-mff.org နှင့် ယခု MFF Facebook စာမျက်နှာမှ အချိန်နှင့် တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။