KBZ BANK CUP 2017 ပြိုင်ပွဲနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲကျင်းပ
June 19, 2017ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာ ယူ-၂၁ အသင်း တတိယရရှိ
December 26, 2017မြို့နယ်အဆင့်မှ စတင်ကာ နိုင်ငံတဝန်း ဘောလုံးဖွံ့ဖြိုးရေး ၊ လူငယ်ထု တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် စာရိတ္တမြင့်မားရေး ၊ မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်ရေးတို့အား ရည်ရွယ်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ တည်ထောင်ဖွဲံ့စည်း ဆောင်ရွက်သွားရန် အတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေး လုပ်ငန်းကော်မတီဝင်များ၊ အဖွဲ့ချုပ်ဌာနခွဲ တာဝန်ခံများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
” ဘောလုံးအားကစားကို မြို့နယ်အဆင့်ကနေ စတင်ပြီး အခြေခံကျကျ ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မြို့နယ်အလိုက် ရပ်မိရပ်ဖတွေအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန စတဲ့ ဌာနဆိုင်ရာတွေ ပေါင်းစပ်ပါဝင်တဲ့ မြို့နယ်ဘောလုံး အဖွဲ့ချုပ်တွေ လိုအပ်ပါတယ်။ နယ်တွေမှာရှိတဲ့ ကလေးတွေကို ဘယ်လိုမြေတောင်မြှောက်ပေးနိုင်မလဲ၊ အမျိုးသားအပြင် အမျိုးသမီး ဘောလုံး ဖွံဖြိုးမှုရော၊ ဖူဆယ်ကအစ ကျွန်တော်တို့ ဘယ်လိုတိုးတက်အောင်လုပ်မလဲ၊ ယနေ့ ထိုင်းအမျိုးသမီး အသင်းဆိုရင် ကမ္ဘာ့ဖလားကစားခွင့်ရထားပြီ။ ကျွန်တော်တို့မှာက အမျိုးသမီးလိဂ်ဆိုတာတောင် KBZ BANK ကနေ ပံ့ပိုးပေးထားလို့ လုပ်နိုင်နေတာ၊ ပြိုင်ပွဲလဲ မရှိဘူး၊ Grassroots လည်းမလုပ်ဘူး၊ လိဂ်လည်း မရှိဘူးဆို ဘယ်လိုမှ တိုးတက်အောင် လုပ်လို့မရဘူး။ ကျွန်တော်တို့ ထိုင်းလိုလည်း မပြည့်စုံဘူး၊ ဂျပန်လိုလည်း မပြည့်စုံဘူး၊ သို့သော်လည်း ကိုယ့်ရှိတာလေးနဲ့ ဘယ်လိုကောင်းအောင် အကျိုးရှိအောင်လုပ်မလဲ ဒါတွေအများကြီးစဉ်းစားဖို့ လုပ်ဖို့လိုပါတယ်။” စသဖြင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆွေးနွေးပွဲ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစား ညွှန်ကြားရေးမှူးများနှင့်အတူ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ တည်ထောင်ဖွဲ့စည်းရေး တွင်ကြုံတွေ့ရမည့် အခက်အခဲများအား ဆွေးနွေးဖြေရှင်းခဲ့ကြသည်။ ဆွေးနွေးပွဲပြီးဆုံးပြီးနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်၊ ဥပဒေအကြံပေး ဦးဇော်မင်းစိန်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးကိုကိုသိန်း တို့က မီဒီယာများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေး လုပ်ငန်းကော်မတီသည် လာမည့်ရက်ပိုင်းအတွင်း သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ် ခရိုင်မြို့ကြီးများသို့ ဦးစွာသွားရောက်၍ ဖွဲ့စည်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။ ကော်မတီသည် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေး လမ်းညွှန်စာအုပ်နှင့် စည်းမျဉ်းစည်းကမ်း တို့ကိုလည်း ပြုစုထားပြီး သက်ဆိုင်ရာ မြို့နယ်များသို့ မကြာမီ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရန် လျှောက်လွှာများ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း မြို့နယ်အသီးသီးရှိ အားကစားအရာရှိများသို့လည်းကောင်း ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက် www.the-mff.org တွင်လည်းကောင်း၊ Social Media များဖြစ်သည့် MFF Official Facebook ၊ Twitter အသုံးပြု၍ လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။