ALPINE CUP 2018 ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားများကျင်းပ
August 5, 2018မြောက်ကိုရီးယားကို သရေကစားနိုင်ခဲ့သည့် မြန်မာ
August 16, 2018MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲသို့ MFF Myanmar Futsal League 2018 ပြိုင်ပွဲဝင် အသင်း၁၂ အနက် ၁၁ သင်းမှ နည်းပြချုပ်များနှင့် အသင်းမန်နေဂျာများ၊ နယ်ပယ် အသီးသီးမှ မီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။
ထိုသတင်းစာ ရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အသင်းများ၏ နည်းပြများ၊ မန်နေဂျာများ၏ ပြောကြားမှု အချို့ကို ပြန်လည် တင်ပြလိုက်ပါသည်။
ဦးဇော်ရဲမောင် (VUC အသင်းနည်းပြချုပ်)
————————————–
ကျွန်တော်တို့ အသင်းက လက်ရွေးစင် အသင်းက ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားပါတယ်။ AFC ပြိုင်ပွဲက ပြန်လာပြီးကတည်းက လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ AFC ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ မရခဲ့တာက ပြည်ပ ကစားသမားတွေနဲ့ ကျွန်တော်တို့ ကစားသမားတွေကြားမှာ ခန္ဓာကိုယ် တည်ဆောက်ပုံချင်းမှာ ကွာဟပါတယ်။ ကျန်တဲ့ နည်းစနစ်တွေ ကစားပုံတွေကတော့ ကွာဟမှု သိပ်မရှိပါဘူး။ ဒါပေမဲ့ ပြည်တွင်းပြိုင်ပွဲမှာတော့ ခန္ဓာကိုယ် အနေအထားက ကွာဟမှု မရှိတော့ပါဘူး။ ဒီနှစ် လိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံ ဖြစ်ဖို့ မျှော်မှန်းထားပါတယ်။
ဦးသန်းဝဏ္ဏအောင် (MIC အသင်း နည်းပြချုပ်)
—————————
ကျွန်တော်တို့ အသင်းက AFF Futsal Club Championship ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ချန်ပီယံ ဆုနဲ့ လွဲခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ကို အဓိက ထားပြီး ယှဉ်ပြိုင်မှာ မဟုတ်သလို မဟုတ်ပါဘူး။ လက်ရွေးစင်အသင်းအတွက် ကစားသမားသစ်တွေ၊ ကစားပုံ အသစ်တွေကို အထောက်အကူပြုဖို့ပဲ ရည်မှန်းချက်ထားပြီး ယှဉ်ပြိုင်သွားမှာပါ။ ချန်ပီယံဆု ရရှိခဲ့ရင်တော့ အတိုင်းထက် အလွန်ပေါ့။
ဦးကျော်ဇင်ညွှန့် (Pyay United အသင်းနည်းပြချုပ်)
—————————
ကျွန်တော်တို့ အသင်းအတွက် ပြင်ဆင်ချိန် အချိန် ၁ လခွဲ ရရှိထားပါတယ်။ အသင်းမှာ လူငယ်ကစားသမားတွေရယ် လက်ရွေးစင် ဟောင်းကစားသမားတွေရယ်နဲ့ ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ပြည်ပကစားသမား ခေါ်ယူဖို့ ကြိုးစားနေပြီး အဆင်ပြေရင် ပြည်ပကစားသမားတွေ အသုံးပြုသွားမှာပါ။ ပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ လျှော့မတွက်သလို ဘယ်အသင်းကိုမှလည်း ပိုမတွက်ထားပါဘူး။ ကျွန်တော်တို့ အသင်းအတွက်ကတော့ ပွဲတိုင်း ဖိုင်နယ် ပွဲစဉ်တွေပါပဲ။
ဦးတင်မောင်ဌေး (MFF U-19 အသင်းနည်းပြချုပ်)
———————————–
ကျွန်တော်တို့ အသင်းကို စတင်ဖွဲ့စည်းခဲ့တာက ကစားသမားပေါင်း ၄၀ နဲ့ပါ။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲနီးလာတော့ ကစားသမားတွေကို ကလပ်မှာ ပြန်ကစားမလား၊ ယူ-၁၉ အသင်းမှာ ဆက်ကစားမလားဆိုပြီး ဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ်။ ကလပ်အသင်းမှာ ပြန်ကစားမဲ့ ကစားသမားတွေကိုလည်း သူတို့ရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီး ယူ-၁၉ လက်ရွေးစင် အသင်းအတွက် ရွေးချယ်သွားမှာ ဖြစ်သလို လက်ရှိအသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း ယူ-၁၉ လက်ရွေးစင် အသင်းအတွက် ရွေးချယ်သွားမှာပါ။ ကျွန်တော်တို့ အတွက် ခြေစစ်ပွဲက ဒီဇင်ဘာလမှာ ရှိမှာ ဖြစ်ပြီး လက်ရှိအသင်းမှာ ရှိတဲ့ ကစားသမားအယောက်၂၀က လိဂ်ပြိုင်ပွဲ တစ်ခါမှ မကစားဖူးတဲ့ ကစားသမားတွေပါ။
ဦးထိန်လင်း (GV Althletic အသင်းနည်းပြချုပ်)
———————–
အသင်းကို ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး MFF Futsal Open Cup 2018ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ် ကစားသမားတွေ ပေါ်ထွက်လာရေးနဲ့ လက်ရွေးစင် အသင်းကို အထောက်အကူပြုရေးက အဓိကပါပဲ။ ချန်ပီယံ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ပေမဲ့ တစ်ပွဲချင်းစီ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။
ဦးဆန်းလင်းအောင် (Myoma YTD အသင်းနည်းပြချုပ်)
————————–
ကျွန်တော်တို့ အသင်းက အရင်က မြို့မ နာမည်နဲ့ပဲ ပြိုင်ပွဲဝင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်တော့ YTD အသင်းနဲ့ ပေါင်းစပ်ပြီး Myoma YTD အသင်းဆိုပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ လူငယ်တွေကို ဘောလုံးကစားခွင့် ပေးချင်လို့ပါ။
ဦးချစ်ခင် (Aung Myo Myint အသင်းနည်းပြချုပ်)
——————————–
ကျွန်တော်အသင်းကတော့ လိဂ်ပြိုင်ပွဲကို ဝင်ခွင့် ရရှိဖို့ ခြေစစ်ပွဲကို ဖြတ်ကျော်ခဲ့ရတာပါ။ လိဂ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်းကနေ လက်ရွေးစင် ကစားသမား မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။
ဦးအောင်ကိုကိုဦး (Titan XII အသင်း အုပ်ချုပ်သူ)
———————
ကျွန်တော်တို့ အသင်းက ပြည်နယ်နှင့် တိုင်းကစားသမားတွေ လူငယ် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ပြီး လက်ရွေးစင် အသင်းက လူငယ် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဦးစိုးအုပ်ပိုင် ( Comrade အသင်း အုပ်ချုပ်သူ)
——————————–
ကျွန်တော်တို့ အသင်းက အင်ဂျင်နီယာ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းပါ။ ဒီပြိုင်ပွဲအတွက် စုစည်းလေ့ကျင့်ချိန်က ၂လရှိခဲ့ပါပြီ။ အသင်းကိုဖွဲ့စည်းရတဲ့ရည်ရွယ် ချက်ကတော့ လက်ရွေးစင် အသင်းမှ အင်ဂျင်နီယာ ကျောင်းသားတွေ ပါဝင်လာနိုင်ဖို့ပါ။
ဦးအေးထွန်း (UPT အသင်းနည်းပြချုပ်)
—————————–
ကျွန်တော်တို့ အသင်းက လိဂ်ပြိုင်ပွဲတွေ စတင်ကတည်းက စဉ်ဆက်မပြတ် ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းပါ။
ပြိုင်ပွဲမှာ အလယ်အလတ် အဆင့်လောက်ပဲ မျှော်လင့်ထားပြီး စည်းကမ်းရှိတဲ့ အသင်းတစ်သင်း အဖြစ် ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖို့က အဓိကပါပဲ။