မြန်မာယူ၁၆ အမျိုးသမီးအသင်း သြစတြေးလျတွင် လေ့ကျင့်မည်
January 21, 2019Supporting Balls and Training Kits to military Football Academy
July 29, 2019မြန်မာနိုင်ငံ၏ ထိပ်တန်း ရေဓာတ်ဖြည့် အချိုရည် (Sport Drink) အမျိုးအစားဖြစ်သော 100PLUS မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တို့၏ Hydration Partner အဖြစ် ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ မွန်းလွဲ ၂း၀၀ နာရီအချိန်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ F&N Myanmar ၏ Country Manager ဖြစ်သူ Mr Freddy Oh၊ MPT မှ COO ဖြစ်သူ Mr. Yoshiaki Benino၊ MFF နှင့် MNL မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “အရေးကြီးဆုံး တစ်ချက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ လူငယ်ဖွံ့ဖြိုးမှု စီမံကိန်းကို အဓိကထားပြီးတော့ 100PLUS က ဆောင်ရွက်ပေးနေပါတယ်။ သက်တမ်းအလိုက် တိုင်းနဲ့ပြည်နယ်ပြိုင်ပွဲကို ကျွန်တော်တို့ မဖြစ်မနေ ပြန်လည်ဆောင်ရွက်ကြတဲ့အခါမှာ ပညာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ 100PLUS၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပေါင်းပြီးလုပ်တဲ့ အောင်မြင်မှု အတိုင်းအတာဟာ အခုဆိုရင် scouting team ကနေပြီးတော့ အကယ်ဒမီထဲကို ထည့်ပြီးတော့ လက်ရွေးစင်အဆင့်ထိ၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ဖြစ်လာတဲ့အထိ မွေးထုတ်ပေးလို့ရမယ့် ကစားသမားကောင်းလေးတွေ ရွေးချယ်လို့ရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒါကလည်း 100PLUS ရဲ့ ကူညီမှု မရှိဘူးဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 100PLUS အနေနဲ့ ဘောလုံး အဖွဲ့ချုပ်ကိုရော မြန်မာနေရှင်နယ်လိဂ်ကိုရော ပံ့ပိုးပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ အခုမှ လုပ်တာမဟုတ်ဘဲ ၇ နှစ်ဆက်တိုက် လုပ်ခဲ့တဲ့အပြင် လျော့မသွားဘဲ တိုးတိုးပြီးတော့ ပံ့ပိုးမှုတွေ ရှိလာတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
F&N Myanmar ၏ Country Manager ဖြစ်သူ Mr Freddy Oh ကလည်း စပွန်ဆာ ပေးရခြင်း နှင့်ပတ်သက်ပြီး ပြောကြားရာတွင် “100PLUS မှာ ဒေသတွင်းက အခြေခံအဆင့် ပြိုင်ပွဲတွေကနေ ပရော်ဖက်ရှင်နယ်နဲ့ နိုင်ငံ့ကိုယ်စားပြု အသင်းတွေရဲ့ ပြိုင်ပွဲတွေအထိ မြန်မာနိုင်ငံ အလွှာအသီးသီးက ဘောလုံးအားကစားကဏ္ဍကို ထောက်ပံ့ကူညီပေးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတစ်ခု ရှိပါတယ်။ လာမယ့် (၂) နှစ်အတွင်း MFF နဲ့ MNL တို့နဲ့အတူ လက်တွဲပြီး ပြည်တွင်း ဘောလုံးအားကစားကဏ္ဍ တိုးတက်ရေးမှာ ဆက်ပြီး ဦးဆောင်ပံ့ပိုးသွားနိုင်မှာဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ပျော်ရွင်စိတ်လှုပ်ရှားမိပါတယ်။ ဘောလုံးလို အားကုန်သုံးရတဲ့ အားကစားနည်းတစ်ခုအတွက် ပြင်းထန်တဲ့ လေ့ကျင့်ရေးနဲ့ ယှဉ်ပြိုင်ကစားရာမှာ အထောက်အကူဖြစ်စေဖို့ ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်းဟာ အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အခုလို Hydration Partner အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် ဘောလုံးသမားတွေ၊ အားကစားသမားတွေ နဲ့ အများပြည်သူရဲ့ နေ့စဉ် လုပ်ရှားမှုတွေမှာ လန်းဆန်း၊ အားဖြည့်၊ ရေဓာတ်ပြည့်စေမယ့် 100PLUS ထုတ်ကုန် အမျိုးမျိုးကို ဖော်ထုတ်ပြသနိုင်တဲ့ အခွင့်အလမ်းတစ်ခု ရရှိသွားပါတယ်။ ဒါ့ကြောင့် MFF နဲ့ MNL အဖွဲ့မှာ ဦးဆောင် လုပ်ကိုင်နေတဲ့ အဖွဲ့သားတွေကို အခုလို 100PLUS နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ကတိကဝတ်ပြုလိုက်တဲ့အတွက် အထူး ကျေးဇူးတင်ရှိပါတယ်” ဟုပြောသည်။
ထို့နောက် အခမ်းအနား အစီအစဉ်များအရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် 100PLUS တို့အကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခြင်း၊ စပွန်ဆာစာချုပ် သက်တမ်းတိုး ချုပ်ဆိုခြင်း၊ တာဝန်ရှိသူများ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခြင်းနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။