ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆို
December 9, 2019ဆီးဂိမ်းစ်ပြိုင်ပွဲ တတိယဆုရ မြန်မာ ယူ ၂၂ အမျိုးသားအသင်းအား ဂုဏ်ပြုကြိုဆို
December 13, 2019ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယလုပွဲအဖြစ် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) မွန်းလွဲပိုင်းက မြန်မာယူ-၂၂ အသင်းနှင့် ကမ္ဘောဒီးယားယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း နှစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာယူ-၂၂ အသင်းအတွက် ဂိုးများကို ပွဲချိန် ၉ မိနစ်တွင် အောင်ကောင်းမာန်၊ ပွဲချိန် ၃၅ မိနစ်တွင် မြတ်ကောင်းခန့်တို့က သွင်းယူခဲ့ပြီး ကမ္ဘောဒီးယားအသင်းက ပွဲချိန် ၁ မိနစ်နှင့် ၇၁ မိနစ်တွင် သွင်းယူခဲ့သည်။
ပွဲချိန်အတွင်း သရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ဆက်လက်ခံယူရာ မြန်မာအသင်းက ငါးလုံးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ပြီး ကမ္ဘောဒီးယားအသင်းက လေးဂိုးသာဝင်အောင် ကန်သွင်းနိုင်သဖြင့် မြန်မာယူ-၂၂ အသင်း အနိုင်ရပြီး တတိယကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ပွဲအပြီးတွင် မြန်မာယူ-၂၂ အသင်းနည်းပြချုပ် မစ္စတာပိုပေါ့ဗ်က “ဒီပွဲနဲ့ပတ်သက်ပြီး မပြောခင် ပြိုင်ပွဲတစ်ခုလုံးကို ခြုံပြီးပြောရရင် သိပ်ကောင်းတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အဖွဲ့ချုပ်အပါအဝင် ဒီပြိုင်ပွဲအတွက် နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့သူတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ကြိုးစားကစားပေးခဲ့ကြတဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီပြိုင်ပွဲမတိုင်ခင်တုန်းက ကျွန်တော်တို့အသင်းဟာ လျှော့တွက်ခံခဲ့ရတဲ့ အသင်းပါ။ ကျွန်တော့်အတွက်ရော ကစားသမားတွေအတွက်ရော ဒီဆုတံဆိပ်က တန်ဖိုးရှိပါတယ်။ ဒီပွဲနဲ့ပတ်သက်လို့ ပြောရရင်တော့ ကမ္ဘောဒီးယားဟာ အလျင်အမြန်တိုးတက်လာနေတဲ့ အသင်းဖြစ်ပြီး ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ကျွန်တော့် ကစားသမားတွေဟာ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်က အားထုတ်ကြိုးစား ကစားပေးခဲ့ကြပြီး အဲဒီအတွက်ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။