
Auto Draft
February 10, 2020
မြို့နယ်များတွင် ယခုနှစ်အတွင်း မျိုးဆက်သစ် ဒိုင်သင်တန်း အကြိမ်(၃၀)အထိ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်
February 15, 2020MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ရာသီသိမ်း ရတော့မယ့်အချိန်နဲ့ အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားရမယ့် အချိန်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ လာမယ့်ရာသီ အတွက် ခြေစစ်ပွဲအဆင့်က စတင်ကစားရမယ့် အသင်းတွေထွက်ပေါ်လာခဲ့ပြီ ဖြစ်ပေမဲ့ သက်ဆိုင်ရာ အဆင့်တွေအတွက် လက်ကျန်ပွဲစဉ်တိုင်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ပွဲစဉ်တွေဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်အစားဆုံး ပွဲဖြစ်တဲ့ VUC FC နဲ့ MIIU FC တို့ ချန်ပီယံလုပွဲလည်း ရောက်ရှိလာခဲ့ပါပြီ။

ပြိုင်ပွဲ စတင်ကတည်းက အခုအချိန်အထိ ရှုံးပွဲမရှိ ကစားထားတဲ့ VUC FC နဲ့ MIU FC တို့ နှစ်သင်းဟာ ဒီနှစ်အတွက် ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ခဲ့ကြတဲ့ အသင်းများ ပီပီ ပွဲစဉ်တိုင်းကို အမှားအယွင်းမရှိ ယှဉ်ပြိုင်လာခဲ့ကြ တာဖြစ်ပြီး အမှတ်လျော့ခဲ့ရတဲ့ ပွဲစဉ်ကလည်း သူတို့ အချင်းချင်း တွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၁)ပွဲပဲရှိခဲ့ပြီး (၂)ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့)မှာလည်း သူတို့နှစ်သင်းရဲ့ ဒုတိယ အကျော့တွေ့ဆုံမှု အဖြစ် MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲကို ယှဉ်ပြိုင်ကစားရတော့မှာပါ။
ဒီပွဲစဉ်မှာ VUC FC က အနိုင်ရလဒ် ဒါမှမဟုတ် ဂိုးမရှိ သရေရလဒ်မှ နှစ်ဂိုးစီ သရေလဒ်အထိ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီနှစ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ MIU FC ကတော့ ပထမအကျော့ အိမ်ကွင်းအဖြစ်ကစားခဲ့ရတဲ့ ပွဲစဉ်မှာ (၂)ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် သူတို့ရဲ့ လိဂ်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ဖို့လိုအပ်နေပြီး သရေရလဒ် ထွက်ပေါ်ခဲ့မယ်ဆိုရင်တော့ (၃)ဂိုးနဲ့အထက် သရေကျဖို့ လိုအပ်နေပါတယ်။

လက်ရှိအချိန်မှာ VUC FC က ရမှတ်တူ၊ ဂိုးကွာခြားချက် အသာစီးနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပေမဲ့ ဒီပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရင်တော့ MIU FC က ဗိုလ်ဝင်ခံသွားဖို့ရှိနေတာကြောင့် ဒီနှစ်ဖူဆယ်လိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ပွဲစဉ်ဟာ အနိုင်ရရှိရေးကို ဦးစားပေး ကစားကြမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။
MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း VUC FC အသင်းက ကစားသမား ဒီကာဗယ်ဟို ဂျူနီယာက သွင်းဂိုး (၃၉) ဂိုးနဲ့ ဦးဆောင်နေပြီး ထိပ်တန်းဂိုးသွင်းသူစာရင်းမှာလည်း VUC FC က ကစားသမားတွေ တော်တော်များများ ပါဝင်နေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ပထမအကျော့မှာ MIU FC ကစားသမား ရီနာတိုဟာ (၃၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပထမအကျော့ အပြီးမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ MIU FC က ကစားသမား နှစ်ဦးဖြစ်တဲ့ ခင်ဇော်လင်းနဲ့ စိုင်းပြုံးအောင်တို့ကတော့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့်(၉) နဲ့ (၁၀)နေရာမှာ ရပ်တည်နေပါတယ်။
တစ်သင်းကို ပွဲစဉ်ပေါင်း (၂၀) စီ ကစားပြီးချိန်မှာတော့ VUC FC က သွင်းဂိုး ၂၀၂ ဂိုး (တစ်ပွဲပျှမ်းမျှ ၁၀.၁ ဂိုး)သွင်းယူထားပြီး MIU FC ကတော့ သွင်းဂိုး ၁၇၆ ဂိုး (တစ်ပွဲပျှမ်းမျှ ၈.၈ ဂိုး) စီ သွင်းယူထားကြတာကို တွေ့ရမှာပါ။ MFF Myanmar Futsal League ရဲ့ ပြီးခဲ့တဲ့ နောက်ဆုံး ပြိုင်ပွဲနှစ်ပွဲမှာတော့ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းဟာ ရာသီကုန်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ်မှာ Pyay United အသင်းက ရာသီဝက်ချန်ပီယံ ဖြစ်ပြီး ဗိုလ်စွဲခဲ့သလို ၂၀၁၈-၁၉ ရာသီမှာလည်း MIU FC က ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ VUC FC က ဗိုလ်စွဲမလား MIU FC အသင်းကပဲ အစဉ်အလာကို ချိုးဖျက်သွားမလားဆိုတာ လာမယ့် စနေနေ့မှာ တွေ့ရတော့မှာပါ။
“VUC အသင်းက နိုင်လိုစိတ် ပိုများတယ်။ ပြည်ပကစားသမားနဲ့ ပြည်တွင်းကစားသမား ပေါင်းစပ်မှုအပိုင်းမှာလည်း VUC က MIU အသင်းထက်ပိုကောင်းတာကိုတွေ့ရပါတယ်” လို့ MFF U19 Team နည်းပြချုပ် ဦးတင်မောင်ဌေးက နောက်ဆုံးပွဲစဉ်နဲ့ ပတ်သက်ပြီးသုံးသပ်ထားပါတယ်။
ဒါ့အပြင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်ပြချုပ် ဦးဌေးမြင့်ကလည်း VUC အသင်းနဲ့ MIU အသင်းတို့ ပွဲစဉ်နဲ့ပတ်သက်ပြီး “နှစ်သင်းစလုံးက ပြည်တွင်းကစားသမားအများစုက လက်ရွေးစင် ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတာကြောင့် ကွာဟမှု မရှိသလို တစ်ယောက် အကြောင်း တစ်ယောက်သိနေကြတဲ့ သူတွေပါပဲ။ သူတို့နှစ်သင်းရဲ့ ချန်ပီယံလုပွဲမှာတော့ ပြည်ပ ကစားသမားတွေရဲ့စွမ်းဆောင်ရည်က စကားပြောသွားမှာပါ” လို့ ဆိုပါတယ်။

VUC FC က ပြည်ပကစားသမားနှစ်ယောက်ရဲ့ ဒုတိယအကျော့ သွင်းဂိုးအရေအတွက်က (၃၈) ဂိုး အထိရှိပြီး MIU FC က ပြည်ပကစားသမား နှစ်ယောက်ရဲ့ ဒုတိယအကျော့ သွင်းဂိုး အရေအတွက်က (၁၅ ဂိုး) ရှိထားတာကြောင့် ဘယ်သူတွေက အသင်းအတွက် ချန်ပီယံဖြစ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ သွင်းဂိုးတွေနဲ့ ကူညီနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုမှာ ဘယ်သူအသာရမယ်ဆိုတာကတော့ ပွဲကစားချိန် ပြီးဆုံးမှသာ သိနိုင်မှာဖြစ်လို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်လာမယ့် VUC FC နဲ့ MIU FC တို့ရဲ့ ပွဲစဉ်ကို မလွတ်တမ်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းကို အမျိုးသား အားကစားပြိုင် ပွဲရုံ(၂) လှိုင်မှာ ကျင်းပနေတာဖြစ်ပြီး ကွင်းဝင်ကြေးက အခမဲ့ပါ။ MFF Myanmar Futsal League 2019-2020 ပြိုင်ပွဲရဲ့ (Week-22) ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ် ကနေ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။