လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်း ဖွင့်လှစ်မည်
February 27, 2020မြန်မာ့ လက်ရွေးစင် အသင်းနှင့် ယူ၂၁ အသင်း ပဏာမ ကစားသမားစာရင်း နည်းပြချုပ်များထုတ်ပြန်
March 10, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး(၁/၂၀၂၀)ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးလှဌေး (ဇွဲကပင် ယူနိုက်တက် အသင်းပိုင်ရှင်)၊ ဦးခွန်နောင်မြင့်ဝေ (ရှမ်းယူနိုက်တက် အသင်းပိုင်ရှင်၊ မြန်မာ့လက်ရွေးစင် အသင်းအုပ်ချုပ်သူ)၊ ဦးဇော်မင်းသိန်း(ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင်)၊ ဦးခင်မောင်လေး( အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဒေါ်မေမြတ်နွယ် (အထက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးမင်းလှိုင်(ဧရာ၀တီ ယူနိုက်တက်အသင်းပိုင်ရှင်၊ အောက်မြန်မာပြည် ကိုယ်စားပြု)၊ ဦးသန်းတိုးအောင်( လက်ရွေးစင် ကစားသမား ကိုယ်စားပြု)၊ ဦးထွန်းလှအောင် (ဒိုင်လူကြီး ကိုယ်စားပြု )၊ ဒေါ်မြတ်မြတ်ဦး (အမျိုးသမီး ဘောလုံးကော်မတီ ကိုယ်စားပြု)၊ ဦးတင်မြင့်အောင်( နည်းပြဆရာ ကိုယ်စားပြု)၊ ဦးဇွဲလှိုင်မှီ (အောက်မြန်မာပြည် ကိုယ်စားပြု)၊ ဒေါက်တာရဲမွန်ထွဋ်( ဖူဆယ် နှင့် သဲသောင်ပြင် ကိုယ်စားပြု)၊ ဦးကိုကိုဌေး (ပညာရေး ကိုယ်စားပြု)၊ ဒေါက်တာ သန်းနိုင်စိုး (ကျန်းမာရေး ကိုယ်စားပြု)၊ ဦးသန်းဇော် (MFF ဥက္ကဋ္ဌ အကြံပေးပုဂ္ဂိုလ်) ၊ MFF အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် COO ဦးဆူးအောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် အလုပ်အမူဆောင်သစ်များ၊ အတွေ့အကြုံရှိပြီးသူများ အားလုံး မြန်မာ့ဘောလုံး လောက တိုးတက်မြင့်မားရေး ဟူသည့် အဓိက ရည်ရွယ်ချက်အောက်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ယူထားသည့် နေရာ အသီးသီးကို အားစိုက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းပြည် အခြေအနေအရ စီးပွားရေး၊ အခြေခံ အဆောက်အဦနှင့် ဘဏ္ဍာရေး ဘက်ပေါင်းစုံ နိမ့်ကျနေသည့် အတွက် ဘောလုံးလောက အောင်မြင်အောင်လုပ်ရမည့် လုပ်ငန်းအသီးသီးတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ သို့ဖြစ်ရာ မိမိတို့ ရည်ရွယ်ချက်များအား စည်းလုံးညီညွတ်မှုကို အခြေခံ၍ စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ရာ မိမိ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ယင်းနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ဦးစီး ဆောင်ရွက်ကြမည့် Standing Committee များကို တင်ပြခဲ့ပြီး အတည်ပြုချက် ရယူဖွဲ့စည်းခဲ့သည်။ အစီအစဉ်အရ ဘဏ္ဍာရေး အခြေအနေ၊ FIFA၊ AFC ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့် ပတ်သက်သည့် လုပ်ငန်းများ၊ လက်ရွေးစင်အသင်းများအတွက် ကြိုတင်ပြင်ဆင်မှုများ၊ နိုင်ငံခြားသား နည်းပြများ ခန့်အပ်ခြင်းနှင့် ယင်းတို့ လစာ ခံစားခွင့် ပေးချေမှုနှင့် အခွန်ထမ်းဆောင်ရမည့် တာဝန်များ၊ ဖူဆယ်လိဂ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း အထွေထွေ အတွင်းရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့မှုအရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ School Football Program ကို လာမည့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်ထည်ဖော် ကျင်းပသွားမည် ဖြစ်သည်။ ကော်မတီ အသီးသီး အနေဖြင့် မိမိတို့ ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအတွက် အစီအစဉ်များနှင့် ဘက်ဂျက်လျာထားသုံးစွဲမှုများကို Finance Committee နှင့် အလုပ်အမှုဆောင်အဖွဲ့ အတည်ပြုချက်များဖြင့် ဆောင်ရွက်ကြရန် လည်းကောင်း၊ လူငယ်ပြိုင်ပွဲများနှင့် နွေရာသီ အခြေခံဘောလုံး သင်တန်းများကို မြို့နယ်ဘောလုံး အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ဒေသအလိုက် ဖွင့်လှစ်ဆောင်ရွက်သွားရန်လည်းကောင်း၊ ဘက်ဂျက်သုံးစွဲမှု၊ ဘဏ္ဍာရေး ရှာဖွေမှုများ စနစ်တကျ ပြုလုပ်သွားရန်လည်းကောင်း ဆွေနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် အလုပ်အမူဆောင်များက အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ် စကားပြောကြားကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေး (၁/၂၀၂၀) အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ဦးစီး ဆောင်ရွက်ကြမည့် Standing Committee များ
(ကော်မတီ အဖွဲ့ဝင်များ စာရင်းကို ထပ်မံထုတ်ပြန်ပါမည်)
- FINANCE COMMITTEE
- AUDIT AND COMPLIANCE COMMITTEE
- COMPETITIONS COMMITTEE
- LEGAL COMMITTEE
- YOUTH COMPETITIONS COMMITTEE
- WOMEN FOOTBALL COMMITTEE
- REFEREES COMMITTEE
- TECHNICAL COMMITTEE
- PLAYERS STATUS COMMITTEE
- FUTSAL AND BEACH SOCCER COMMITTEE
- INFRASTRUCTURE COMMITTEE
- MEDIA & COMMUNICATIONS COMMITTEE