
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နည်းစနစ် ကော်မတီ (၁/၂၀၂၀) အစည်းအဝေးကျင်းပ
May 25, 2020
MFF Futsal Knock-Out Cup 2020 ဖူဆယ် ရှုံးထွက်ဖလား ပြိုင်ပွဲကျင်းပရန် ဆွေးနွေး
June 2, 2020၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ထုတ်ပြန်ခဲ့သော စည်းမျဉ်းဥပဒေများ
————————
International Football Association Board (IFAB)အနေဖြင့် ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပြင်ဆင်ခဲ့သော ဘောလုံးဥပဒေများကို ဧပြီလ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး ပြောင်းလဲ ပြင်ဆင်ခဲ့သည့် ဥပဒေများကို ပြန်လည် မျှဝေပေးလိုက်ပါသည်။
ဥပဒေ – ၁ (ကစားကွင်း)
ယခင်က ဂိုးတိုင်များ ဂိုးဘားများ ပြုလုပ်ရာတွင် အဝိုင်းပုံစံရှိသော တိုင်များ၊ တန်းများဖြင့်သာ ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ အဝိုင်း၊ ဘဲဥပုံ အစရှိသည့် တိုင်များ၊ တန်းများဖြင့်ပေါင်းစပ် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
ဥပဒေ – ၁၀
ယခင်က သာမန်ပွဲကစားချိန် မိနစ် (၉၀)နှင့် အချိန်ပို မိနစ်(၃၀) တွင် ပြုလုပ်ခဲ့သော နှုတ်ဖြင့် သတိပေးခြင်းများ၊ အဝါကတ်ပြသခံရမှုများကို ပင်နယ်တီ အဆုံးအဖြတ်ခံယူချိန်အထိ သယ်ဆောင်ခဲ့သော်လည်း ပြောင်းလဲခဲ့သော ဥပဒေများအရ ပင်နယ်တီအဆုံးအဖြတ်သို့ သယ်ဆောင်ခြင်း ပြုလုပ်တော့ မည် မဟုတ်ပေ။
ဥပဒေ – ၁၁ (လူကျွံခြင်း)
ခံစစ်ကစားရသော အသင်းမှ ကစားသမားအနေဖြင့် တမင်ရည်ရွယ်ကာ လက်ဖြင့်ထိလိုက်သော ဘောလုံးသည် လူကျွံ အနေအထားတွင် ရောက်ရှိနေ သည့် တစ်ဖက် တိုက်စစ်ကစားသမားဆီသို့ ဘောလုံးရောက်ရှိသွားပါက ယခင်က တိုက်စစ်ဆင်သည့် အသင်းမှ တိုက်ရိုက် ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့ သော်လည်း ယခုအခါ ကစားပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားစေမည် ဖြစ်သည်။
ဥပဒေ – ၁၂ (ပြစ်မှုများနှင့် မလိုလားအပ်သော ကိုယ်နှုတ် အမူအယာများ)
– လက်ဖြင့်ထိခြင်း- လက်ဖြင့်ထိခြင်းကို ယခင်က ပခုံးအောက်၊ လက်မောင်းအထက် ပိုင်းမှ စတင်ပြီး လက်ဖျားအထိ ရှိသော လက်အစိတ်အပိုင်းကို ဘောလုံးနှင့် ထိခဲ့ပါက လက်ထိဘောအထိအဖြစ် သတ်မှတ်ခဲ့သော်သည်။ သို့သော် ပြောင်းလဲထားသည့် ဘောလုံးဥပဒေများတွင် ဘောလုံးသည် ပခုံးမှ ချိုင်းအောက်ပိုင်း (လက်မောင်းအထက်ပိုင်း)နှင့် ထိခဲ့မိပါက လက်ထိဘောအဖြစ် သတ်မှတ်တော့မည် မဟုတ်ပါ။
– ထို့အပြင် မတော်တဆ လက်သို့လာထိသော ဘောလုံးကို ချက်ချင်း(ရုတ်တရက်) ဆိုသလို ဂိုးသွင်းယူခြင်း (သို့မဟုတ်) ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့ပါက လက်ထိဘောအဖြစ် သတ်မှတ်ပေးမည် ဖြစ်ပြီး မတော်တဆ လက်ဖြင့်လာထိသောဘောလုံးသည် အကွာအဝေးတစ်ခုသို့ ရောက်ရှိခဲ့ပါက ပွဲကို ဆက်လက်ကစားစေမည် ဖြစ်သည်။
– ဂိုးသမားတစ်ဦးအနေဖြင့် ကစားမှုပြန်လည် စတင်ပြီးနောက် (ဥပမာ – ဂိုးလွန်ဘော တည်ကန်ခြင်း၊ အလွတ်တည်ကန်ဘော ကန်ခြင်း စသည်ဖြင့်) ဘောလုံးကို အခြားကစားသမားများနှင့် မထိဘဲ ဒုတိယအကြိမ် ဘောလုံးကို ထိခဲ့ပါက ယခင်က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု မပြုလုပ်ခဲ့သော် လည်း အသစ်ထုတ်ပြန်လိုက်သော စည်းမျဉ်းများ အရ ဂိုးသမား အဝါကတ် ပြသခံရခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ခံရမည် ဖြစ်ပြီး ပြိုင်ဘက် အသင်းကို တစ်ဆင့် တည်ကန်ဘော ပေးရမည် ဖြစ်သည်။
– တစ်ဖက်အသင်း၏ ကောင်းမွန်သော တိုက်စစ်အခွင့်အရေး (ဂိုးသွင်းယူနိုင်မည့် အခွင့်အရေး)ကို ပျက်ပြယ်စေရန် အနှောင့်အယှက်ပေးခြင်း (သို့မဟုတ်) ပျက်ပြယ်စေရန် ကျူးလွန်သည့် မည်သည့် ပြစ်မှုမျိုးမဆို အဝါကတ် ပြသခံရမည် ဖြစ်သည်။ ထိုသို့ အနှောင့်အယှက်ပေးခြင်း၊ ပျက်ပြယ်စေခြင်း များပြုလုပ်၍ ကျူးလွန်ရာတွင် ဒိုင်လူကြီးက ကစားမှုအား အခွင့်သာမှု ပေးခြင်း( ပြိုင်ပွဲအား ဆက်လက်ကစားစေခြင်း) သို့မဟုတ် ပြစ်ဒဏ်သတ်မှတ်ပေးသော်လည်း ပြိုင်ပွဲကို အမြန်ပြန်လည်စတင်ခြင်းကို ခွင့်ပြုပေးခဲ့ပါက ပြစ်ဒဏ်ကျူးလွန်သော ကစားသမားကို အဝါကတ်ပြသရန် မလိုအပ်ပါ။
– မြေချဘော (ဒိုင်ဘော) ပြုလုပ်ချိန်တွင် ခံစစ်ကစားရမည့် ကစားသမားများ အနေဖြင့် အနည်းဆုံးလေးမီတာ အကွာအဝေးတွင် ရှိနေရမည် ဖြစ်ရာ ယခုပြောင်းလဲလိုက်သော စည်းမျဉ်းများအရ ဘောလုံးနှင့် လေးမီတာ အကွာအဝေးတွင် ရှိမနေသော ကစားသမားအနေဖြင့် အဝါကတ်ပြသခံရမည် ဟု ပါရှိခဲ့သည်။
– ဂိုးလွန်ဘော ကန်ရာတွင် ဂိုးသမားမှ ဘောလုံးကို ခြေဖြင့် မတင်ပေး၍ ကစားသမားမှ ဦးခေါင်း သို့မဟုတ် ရင်ဘတ်ဖြင့်် ဂိုးသမားကို ပြန်ပေးကာ လက်ဖြင့်ဖမ်းယူခြင်းကို ခွင့်ပြုမည် မဟုတ်ဘဲ ပြိုင်ပွဲကို ဂိုးလွန်ဘော အဖြစ်မှ ပြန်လည်စတင်ရမည်။ ထိုသို့ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါက ဂိုးသမားကို အဝါကတ် ပြသရမည်ဟု ထပ်မံထုတ်ပြန်ခဲ့သော စည်းမျဉ်းများတွင် ပါရှိသည်။
ဥပဒေ ၁၄ – ပင်နယ်တီ ကန်ခြင်း
ပင်နယ်တီ ကန်သွင်းရာတွင် ဘောလုံးသည် ဂိုးမှလွဲချော်ခဲ့ခြင်း (သို့မဟုတ်) ဂိုးတိုင်၊ ဂိုးဘားတို့နှင့် ထိထွက်ခဲ့လျှင် ဂိုးသမားကျူးလွန်သောခဲ့သောပြစ်မှု (ဥပမာ – ဂိုးသမား၏ ခြေထောက်သည် ဂိုးစည်းပေါ်တွင် ရှိနေရမည်ကို မရှိဘဲ အရှေ့သို့ ထွက်နေခြင်း)သည် ကန်သွင်းသူအား သိသာထင်ရှားစွာ အကျိုးသက်ရောက်မှု မရှိပါက အပြစ်ပေးအရေးယူရန် မလိုပါ။ ပင်နယ်တီကန်သွင်းမှုတွင် ဂိုးသမားအနေဖြင့် ပထမအကြိမ် ပြစ်မှုကျူးလွန်ခဲ့ပါက ယခင်က အဝါကတ်ပြသခြင်းခံရမည် ဖြစ်သော်လည်း ယခုအခါတွင် ပထမအကြိမ်၌ နှုတ်ဖြင့််သာ သတိပေးခြင်း ခံရမည် ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံ ကျူးလွန်ခဲ့ပါက အဝါကတ် ပြသခံရမည် ဖြစ်သည်။
သို့ရာတွင် ဂိုးသမားမှ ပြစ်မှုကျူးလွန်နေသည့် အနေအထားတွင် ပင်နယ်တီ ကန်သွင်းမှုမှ ဂိုးဝင်ခဲ့ပါက ဂိုးပေးရန်ဖြစ်ပြီး ပြစ်ဒဏ်ကျူးလွန်သည့် အနေအထားမှ ဂိုးသမားကာကွယ်နိုင်ခဲ့ပါက ပင်နယ်တီ ပြန်ကန်ခွင့် ပေးရမည် ဟု ထည့်သွင်းဖော်ပြထားသည်။
ပင်နယ်တီ ကန်သွင်းမှု ပြုလုပ်ချိန်တွင် ဂိုးသမားနှင့် ကန်သွင်းသူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက် ပြစ်မှု ကျူးလွန်ခဲ့လျင် ပင်နယ်တီ ကန်သွင်းသူကို သာ အပြစ်ပေး အရေးယူခြင်းပြုရမည်ဟု အသစ်ထုတ်ပြန်ထားသော ဥပဒေများတွင် ပါရှိသည်။
ပွဲချိန်အတွင်း ပင်နယ်တီကန်သွင်းမှု ပြုလုပ်ချိန်တွင် ကန်သွင်းမှုပြုလုပ်ရမည့် အသင်းမှ ကစားသမားများသည် ပင်နယ်တီ ဧရိယာအတွင်းသို့ ဝင်ရောက်နေခဲ့ပါက ကန်သွင်းခဲ့သည့် ဂိုးဝင်ခဲ့ပါက ပင်နယ်တီပြန်လည် ကန်သွင်းစေမည် ဖြစ်ပြီး ဂိုးမဝင်ခဲ့ပါက တစ်ဖက်အသင်းကို တစ်ဆင့် အလွတ်တည်ကန်ဘောပေးရမည်ဖြစ်သည်။
ထို့အပြင် ခံစစ်ကစားရမည့် အသင်းမှ ကစားသမားများ ဧရိယာအတွင်း ဝင်ရောက်နေခဲ့ပါက ကန်သွင်းသည့် ဂိုးဝင်ခဲ့ပါက ဂိုးပေးရမည် ဖြစ်ပြီး ဂိုးမဝင်ခဲ့ပါက ပင်နယ်တီ ပြန်ကန်စေရမည် ဖြစ်သည်။
ပင်နယ်တီ ကန်သွင်းစဉ်တွင် နှစ်သင်းစလုံးမှ ကစားသမားများ ပင်နယ်တီဧရိယာအတွင်း ဝင်ရောက်နေခဲ့ပါက ဂိုးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ပင်နယ်တီ ပြန်ကန်ရမည် ဖြစ်သည်။
ပင်နယ်တီကန်သွင်းရန်အသင့်ဖြစ်သည့် အချိန်တွင် ကန်သွင်းမည့် ကစားသမားမှ လှည့်စားခဲ့ပါက ကန်သွင်းခဲ့သည့် ဂိုးဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ကန်သွင်းသူအား အဝါကတ်ပြသ၍ တစ်ဖက်အသင်းသို့ တစ်ဆင့် အလွတ်တည်ကန်ဘော ပေးရမည်ဖြစ်သည်။
ပင်နယ်တီကန်ရာတွင် ဘောလုံးကို ရှေ့သို့သာ ကန်ရမည်ဖြစ်ပြီး နောက်သို့ပြန်ပေး၍ ဂိုးသွင်းယူခဲ့ပါက ဂိုးဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ တစ်ဖက် အသင်းသို့ တစ်ဆင့်အလွတ်တည်ကန်ဘော ပေးရမည်ဖြစ်သည်။
ပင်နယ်တီ ကန်သွင်းသူနှင့် ဂိုးသမားတို့ တစ်ပြိုင်နက် ပြစ်မှုကျူးလွန်ခဲ့ပါက ကန်သွင်းခဲ့သည့် ဘောလုံးသည် ဂိုးဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ကန်သွင်းသူကို အဝါကတ်ပြသပြီး တစ်ဖက်အသင်းသို့ တစ်ဆင့် အလွတ်တည်ကန်ဘောပေးရမည် ဖြစ်သည်။
ပင်နယ်တီကန်သွင်းရာတွင် ကန်သွင်းရန် သတ်မှတ်ထားသူ မဟုတ်ဘဲ အခြားကစားသမားတစ်ဦးက ကန်သွင်းခဲ့ပါက ဂိုးဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ကန်သွင်းသူအား အဝါကတ်ပြရန်နှင့် ပြိုင်ဘက်အသင်းသို့ တစ်ဆင့် အလွတ်တည်ကန်ဘောပေးရမည်။
ထို့အပြင် COVID -19 ကာလအတွင်း ကျင်းပလျက်ရှိသည့် ဘောလုံးပွဲများတွင် လူစားလဲလှယ်ခွင့်ကို ၅ ဦးအထိခွင့်ပြုပေးထားသည်။ ထိုသို့ လူစားလဲမှု ငါးဦးပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများတွင် တရားဝင်ထည့်သွင်းဖော်ြပရမည် ဖြစ်သည်။ ကစားသမား လူစားလဲလှယ်မှုကို ပွဲကစားချိန်အတွင်း သုံးကြမ်သာပြုလုပ်ရမည် ဖြစ်သည်။ (ဥပမာ – ပွဲအစ ခရာမှုတ်ချိန်မှ ပထမပိုင်းပွဲအပြီး ခရာမမှုတ်ခင်အတွင်းနှင့် ဒုတိယပိုင်းပွဲစ ခရာမှုတ်ချိန်မှ ဒုတိယပိုင်း ပွဲပြီးခရာ မမှုတ်ခင်အချိန်အတွင်းတွင် ကစားသမား ငါးဦးကို လူစားလဲမှု သုံးကြိမ်အတွင်း ပြုလုပ်ရမည် ဖြ
စ်သည်။) ပထမပိုင်းပွဲအပြီးနှင့် ဒုတိယပိုင်းပွဲမစခင်အတွင်း ပြုလုပ်သော လူစားလဲမှုသည် လဲလှယ်နိုင်သော အရေအတွက်ကို ထည့်သွင်းရေတွက်မည် မဟုတ်ဘဲ လဲလှယ်နိုင်သည့် ဦးရေ အရေအတွက်ကိုသာ ထည့်သွင်းရေတွက်မည် ဖြစ်သည်။
သာမန်ပွဲကစားချိန် ကျော်လွန်ပြီး အချိန်ပို ထပ်မံကစားရမည့် ပွဲစဉ်များတွင် လူစားလဲလှယ်မှု တစ်ကြိမ်အပိုရရှိမည် ဖြစ်ရာ ထိုသို့သော ပွဲစဉ်များတွင် လူစားလဲကစားသမား ခြောက်ဦးနှင့် လူစားလဲလှယ်မှု လေးကြိမ်ရရှိမည် ဖြစ်သည်။