၂၀၂၀-၂၁ ရာသီအတွက် ပြောင်းလဲလိုက်သည့် ဘောလုံးဥပဒေသများ
June 1, 2020MFF planning to held Futsal Knockout Cup
June 3, 2020မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှုးကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ဖူဆယ် ရှုံးထွက်ဖလား ပြိုင်ပွဲကျင်းပ ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ မနက် ၁၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကလပ်အသင်း ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဦးကိုကိုသိန်းနှင့် ဌာနတာဝန်ခံများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
အခမ်းအနားတွင် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် ကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ကာ ဖူဆယ် ရှုံးထွက်ဖလား ပြိုင်ပွဲ ကျင်းပရေး အတွက် ရည်ရွယ်ချက်များနှင့် ကြိုတင်စီစဉ်ထားမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆွေးနွေးမှုများအရ ဖူဆယ် ရှုံးထွက်ဖလား ပြိုင်ပွဲအား လာမည့် ဇူလိုင်လ (သို့) သြဂုတ်လ နှောင်းပိုင်းတွင် ကျင်းပရန် လျာထားပြီး ရန်ကုန်နှင့် မန္တလေး မြို့များမှ ဖူဆယ်အသင်း ၁၆ သင်း (သို့) ၁၄ သင်းအထိ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ အသင်း တစ်သင်းလျင် အသင်းဝင်ကြေးအား ကျပ် ၂ သိန်းသာ ကောက်ခံမည် ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ အသင်းများအား ထိုက်တန်စွာ ဆုကြေးချီးမြှင့်သွားမည် ဖြစ်သည်။ ချန်ပီယံအဖြစ် ဗိုလ်စွဲသည့် အသင်းအနေဖြင့် အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ တက်ရောက် ကစားခွင့် ရရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ဖူဆယ်ပြိုင်ပွဲအား ရန်ကုန်မြို့တွင် ကျင်းပသွားရန် စီစဉ် ထားပြီး ကျန်းမာရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအား အသင်းများ အားလုံး လိုက်နာကျင့်သုံး သွားရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြိုင်ပွဲအား ရုပ်သံနှင့် ဆိုရှယ်မီဒီယာများမှ တိုက်ရိုက်ပြသရေးနှင့် စပွန်ဆာ ပံ့ပိုးမှုရရှိရေးကိုပါ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပရေး အတွက် အသေးစိတ် အချက်အလက်များကို ထပ်မံသတင်းထုတ်ပြန် ပေးသွားမည် ဖြစ်သည်။