မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီအစည်းအဝေး ကျင်းပ
June 8, 2020ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကျင်းပရေး အစည်းအဝေးကျင်းပ
June 18, 2020လာမယ့်နိုဝင်ဘာလအတွင်း အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းရဲ့ နည်းပြချုပ်သစ်ဖြစ်လာသူ ဦးချစ်နိုင်နဲ့ အမေးအဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။
မေး- နည်းပြချုပ်ဖြစ်လာပြီးနောက် ပထမဆုံးလုပ်မယ့်အရာက ဘာဖြစ်မလဲ။
ပထမဆုံးလုပ်ရမယ့်အရာက စခန်းသွင်းလေ့ကျင့်ဖို့အတွက် လူပြန်ရွေးချယ်ရပါမယ်။ လက်ထောက်နည်းပြတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြန်ဆွဲရမယ်။
မေး- ယူ-၁၆ အသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။
အသင်းရဲ့ပွဲတွေကို အရင်ကတည်းလိုက်ကြည့်ဖြစ်တယ်။ လေ့ကျင့်ရေးအစီအစဉ်တွေလည်း လိုက်ကြည့်ဖြစ်တယ်။နည်းပြဟောင်းဖြစ်တဲ့ ဦးမင်းသူနဲ့လည်း အရင်ကတည်းက တိုင်ပင်ဆွေးနွေးဖြစ်တယ်။ အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားလေးတွေက ဒဏ်ရာပြဿနာတွေရှိနေတာ တွေ့ရတယ်။ ဒီအသင်းက ကစားသမားတွေအကြောင်းကို ကျွန်တော်လေ့လာထားပါတယ်။ အားသာချက်တွေကိုလည်း သိထားပါပြီ။ ကျန်တာကတော့ လေ့ကျင့်ရေးကွင်းမှာ ဆက်လုပ်ရမှာပေါ့။
မေး- ယူ၁၆ အသင်းက အကယ်ဒမီထွက်ကစားသမားအများစုနဲ့ဖွဲ့စည်းထားတယ်။ လူကောင်တွေလည်း ထွားကျိုင်းကြတယ်။ ဒါပေမဲ့ ဝေဖန်မှုအများဆုံးခံရတဲ့ အသင်းဖြစ်နေတယ်။ ဒီအချက်အပေါ် နည်းပြချုပ်သစ်တစ်ယောက်အနေနဲ့ ဖိအားတွေရှိလား။
ဝေဖန်မှုတွေကတော့ရှိမှာပဲ။ ကျရူံးနေတဲ့အချိန်မှာဆို ဝေဖန်ခံရမှာပဲ။အောင်မြင်နေရင်တောင် ဝေဖန်ချင်တဲ့သူက ဝေဖန်နေမှာပါ။ ဒါကို အရမ်းကြီး အာရုံစိုက်နေလို့မရဘူး။ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံးလုပ်ရမှာပဲ။ဒါတွေကို အာရုံစိုက်နေရင် ကိုယ်ပါ ကျရူံးတဲ့အထဲ ပါသွားလိမ့်မယ်။ ကျွန်တော့်ရဲ့ပုံစံကတော့ လူငယ်အသင်းဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းပဲကိုင်တွယ်သွားမယ်။ ဖိအားမရှိပါဘူး။
မေး- ဒီအသင်းက နည်းပြအပြောင်းအလဲများတဲ့အချက်အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။
နည်းပြအပြောင်းအလဲများတယ်ဆိုတာထက် ဒီကလေးတွေနဲ့ သဟဇာတ ဖြစ်မယ့်နည်းပြမျိုးလိုအပ်နေတာပါ။ လူငယ်အသင်းတွေကို ကိုင်တွယ်တဲ့နေရာမှာ ဘောလုံးပညာအပြင် မိဘမေတ္တာပါ ပေးရပါတယ်။ ကွင်းတွင်း၊ ကွင်းပြင် အကုန် ဂရုစိုက်ပေးရတယ်။ လေ့ကျင့်ရေးကွင်းမှာ ဆရာလို သင်ပေးမယ်။ အပြင်မှာ မိဘလို အုပ်ချုပ်သွားမှာပါ။
မေး- လူငယ်အသင်းတွေနဲ့ အတူ ဦးချစ်နိုင်က အောင်မြင်မှုတွေ အများကြီးရရှိခဲ့တယ်။ အခု ယူ-၁၆ အသင်းကလည်း ဆရာချစ်နိုင် လက်ထက်မှာ ဘယ်လိုအပြောင်းအလဲတွေ မြင်တွေ့ရဖို့ရှိမလဲ။
နည်းပြဆရာတွေက ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ပုံစံအမျိုးမျိုးရှိတာပေါ့။ကျွန်တော်လည်း ကျွန်တော့်ပုံစံအတိုင်း ကိုင်တွယ်သွားမှာပါ။ ကျွန်တော်တက်နိုင်သလောက်အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ပြိုင်ဘက်တွေကို အနိုင်ရဖို့ဆိုတာ ကိုယ့်ဘက်ကအများကြီးပြင်ဆင်ရမယ်။ အသင်းတော်တော်များများက Training မှာ ပွဲချိန် မိနစ် ၉၀ အပြည့်ကစားနိုင်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ ကျွန်တော်ကတော့ နည်းပြဆရာ ဘ၀စကတည်းက တာဝန်ယူခဲ့တဲ့အသင်းတိုင်းကို မိနစ် ၁၂၀ ကစားနိုင်
အောင်လေ့ကျင့်ပေးတယ်။ ဒါ ကျွန်တော့်အသင်းရဲ့ အားသာချက် ဖြစ်လာလိမ့်မယ်။
ပရိသတ်တွေကို ပြောချင်တာက အသင်းရဲ့ တိုးတက်မှုကို မြင်ရမှာပါ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်လာတာကို မြင်ရမှာပါ။တကယ် လုပ်ချင်စိတ်ရှိတဲ့ ကစားသမားတွေကိုပဲ ဦးစားပေးသွားမယ်။ ကစားသမားတွေရဲ့ ဖြစ်ချင်တဲ့စိတ်ကို တန်ဖိုးထားပါတယ်။ ဘောလုံးသမားတွေကို တန်ဖိုးထားမှ သူတို့ကလည်း သူတို့ရဲ့ တန်ဖိုးကိုပြန်ပေးတာ။
မေး- လူပြန်ရွေးမယ်ဆိုတော့ ဘယ်လိုပုံစံမျိုး ပြန်ရွေးမှာလဲ။
ခြေစမ်းပွဲတွေကစားပြီး လူပြန်ရွေးရမယ်။ ဟိုအရင်က လက်ရွေးစင်ရွေးတယ်ဆိုတာ လေးပွင့်ဆိုင်၊ ငါးပွင့်ဆိုင် အသင်းတွေခွဲကန်ပြီး အကောင်းဆုံးကို ရွေးချယ်ကြတာ။အစ်ကိုလည်း အရင်က ပုံစံအတိုင်းလုပ်ချင်တယ်။ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဒီကိစ္စကို အသေးစိတ်ပြန်လည် ဆွေးနွေးသွားမှာပါ။အဲ့တော့မှ ကစားသမားတွေ အများကြီးကို တွေ့ရမှာလေ။ တချို့ကစားသမားတွေကို လေ့ကျင့်ကွင်းမှာ ကောင်းတယ်။ ပြိုင်ပွဲကျရင် ပုံမှန်ခြေစွမ်းမရှိတော့ဘူး။ ကစားသမားတွေ အရည်အချင်းတိုးတက်အောင် ပြိုင်ပွဲများများ ကစားခိုင်းရတယ်။ အဲ့ဒီနောက်မှ တဆင့်ချင်း သင်ပေးသွားရမှာပါ။
မေး- လာမယ့် အာဆီယံချန်ပီယံရှစ်အတွက် နည်းပြချုပ်တစ်ယောက်အနေနဲ့ မျှော်လင့်ချက်က
လိုချင်တာကတော့ ရွှေတံဆိပ်ပေါ့။ နည်းပြတိုင်းရဲ့ မျှော်လင့်ချက်က ချန်ပီယံဖြစ်ချင်တာပဲ။ ဘယ်နည်းပြမှ အုပ်စုအဆင့်က ထွက်ပြီး ပြန်လာချင်တဲ့ နည်းပြမရှိပါဘူး။ မဖြစ်နိုင်တာမရှိပါဘူး။ မဖြစ်သေးတာပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ အကောင်းဆုံးလုပ်သွားမှာပါ။
မေး- အာဆီယံအဆင့် အသက် ၁၆ နှစ်အောက်သက်တမ်း မှာ ဘယ်အသင်းက အဓိက ပြိုင်ဘက်ဖြစ်လာနိုင်သလဲ။
နိုင်ငံတိုင်းကတော့ အကောင်းဆုံးပြင်ဆင်နေကြတာပဲ။ ပြိုင်ဘက်တိုင်းကို လျော့တွက်လို့မရပါဘူး။ ကျွန်တော့် အတွေ့အကြုံအရ ဗီယက်နမ်က အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာပါလိမ့်မယ်။
မြန်မာ့လက်ရွေးစင်ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးချစ်နိုင်က တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး လက်ထောက် နည်းပြတွေအဖြစ် ဦးမင်းသူ၊ ဦးဘိုဘိုအောင်၊ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင် က တာဝန်ယူလျက်ရှိပါတယ်။