ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကျင်းပရေး အစည်းအဝေးကျင်းပ
June 18, 2020အမျိုးသမီးဘောလုံးကော်မတီအစည်းအဝေးကျင်းပ
July 1, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး(၂/၂၀၂၀)ကို ယနေ့ ဇွန် ၂၅ ရက် နေ့လယ်ပိုင်းက Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးလှဌေး ဦးခွန်နောင်မြင့်ဝေ၊ ဦးဇော်မင်းသိန်း၊ ဦးထောင်ထာထန်း၊ ဦးမင်းလှိုင်၊ ဦးသန်းတိုးအောင်၊ ဦးခင်မောင်လေး၊ ဦးတင်မြင့်အောင်၊ ဒေါ်မြတ်မြတ်ဦး၊ ဒေါ်မေမြတ်နွယ်၊ ဦးထွန်းလှအောင်၊ ဒေါက်တာရဲမွန်ထွဋ်၊ ဦးဇွဲလှိုင်မီ၊ ဦးဘန်နီတင်အောင်နှင့် ဦးသန်းဇော် (MFF ဥက္ကဋ္ဌ အကြံပေးပုဂ္ဂိုလ်)၊ ဦးဇော်မင်းစိန်(ဥက္ကဋ္ဌ၊ ဥပဒေရေးရာကော်မတီ)၊ ဦးချစ်ဝင်းမောင်(ဥက္ကဋ္ဌ၊ မီဒီယာနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးကော်မတီ)၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်နှင့် COO ဦးဆူးအောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အခြားအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်ဆန်း၊ ဦးကိုကိုဌေး နှင့်ဒေါက်တာ သန်းနိုင်စိုး တို့က Video Conferencing System အသုံးပြု ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး မစတင်မီတွင် ယခုလအတွင်း ကွယ်လွန်သွားခဲ့ကြသည့် မြန်မာ့လက်ရွေးစင်ဟောင်းများ ဖြစ်ကြသည့် ဦးမျိုးသိမ်း နှင့် ဦးအေးဆန်းတို့ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ် ငြိမ်သက်ခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး(၂/၂၀၂၀) တက်ရောက်လာသူများနှင့် အွန်လိုင်းမှ တက်ရောက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း၊ ငွေကြေးသုံးစွဲရာတွင် Finance and Marketing Committee ထံတင်ပြ၍ ခွင့်ပြုချက် ယူရန်နှင့် FIFA နှင့် AFC တို့မှ စည်းမျဉ်းစည်းကမ်းများ လမ်းညွှန်ချက်များ၊ ခွင့်ပြုချက်များ အတိုင်းသာ သုံးစွဲရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်နိုင်ခြင်း မရှိသေးသောကြောင့် နိုင်ငံတကာပြိုင်ပွဲများကို ရွှေ့ဆိုင်းပေးရန်အတွက် တောင်းဆိုသွားရမည်ဖြစ်ကြောင်း၊ မြန်မာနေရှင်နယ်လိဂ် အမြန်ဆုံးစတင်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ တစ်ဖက်မှာလည်း မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုကြောင်း၊ လက်ရှိတည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းသစ်ကြီး မကြာမီ ပြီးစီးတော့မည် ဖြစ်ရာ မိမိတို့ ပြိုင်ပွဲများ ကျင်းပရေးနှင့် ပြင်ပသို့ ငှားရမ်းအသုံးပြုရေး အစီအစဉ်များ ကြိုတင်ဆောင်ရွက်ထားစေ လိုကြောင်း၊ COVID 19 အကြပ်အတည်း ကာလအတွင်း ကလပ်အသင်းပိုင်ရှင်များ အပါအဝင် အားလုံး အခက်အခဲများ ရင်ဆိုင်နေရသော်လည်း မိမိတို့ ညီညွတ်မှုဖြင့် ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အမျိုးသမီး အကယ်ဒမီတစ်ခု အနာဂတ်တွင် ဖွင့်လှစ် သွားနိုင်ရေး အတွက်လည်း စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ အမျိုးသမီး လိဂ်ပြိုင်ပွဲအား စနစ်တကျ ကျင်းပပြီး အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲတက်ရောက် ကစားခွင့် ရရှိရန် ပစ်မှတ်ထား စေလိုကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာဖြင့် အခြေခံ ဘောလုံးနည်းပညာများ ဖြန့်ဖြူးပေးခြင်းကို နည်းစနစ်ကော်မတီမှ ဦးစီးဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ယင်းနောက် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးက Standing Committee အသီးသီး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် အကျယ်တဝံ့ ရှင်းလင်းတင်ပြခဲ့ကြသည်။ အစည်းအဝေးတွင် ယူ၁၄ လိဂ်ပြိုင်ပွဲအား တိုင်းဒေသကြီးနှင့် ပြည်နယ်ဇုန်များအလိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအား ကျင်းပရန် ဖီဖာခွင့်ပြုချက်လည်း ရရှိနေပြီဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်များနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့ကြသည်။ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ငွေကြေးသုံးစွဲမှု၊ ရရန်နှင့် ပေးရန် ကြွေးမြီ ကိစ္စရပ်များအား နည်းလမ်းတကျ ဆောင်ရွက်ရေး၊ နိုင်ငံတကာအသိအမှတ်ပြု စာရင်းစစ်အဖွဲ့တို့နှင့် စစ်ဆေးမှုခံယူရေး၊ ငွေကြေးသုံးစွဲမှုတွင် လမ်းညွှန်ချက်များ၊ခွင့်ပြုချက်များနှင့် အညီစနစ်တကျ ဆောင်ရွက်ရေး၊ ကော်မတီ၏ ခွင့်ပြုချက်အတိုင်းသာ လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လက်ရွေးစင် အသင်းများ အောင်မြင်ရေးနှင့် ဖူဆယ်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် အဖွဲ့ချုပ် ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။