တတိယအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်စ်ကျင်းပပြီးစီး
January 30, 2021Myanmar National Team Squad (2022 FIFA World Cup Qualification Matches)
May 27, 2021မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်(AFC)တို့မှ ကျင်းပလျက်ရှိသည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးအား ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ လက်ရှိအချိန်တွင် အရေး အကြီးဆုံး အဆင့်အတန်း အမြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲများကို ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(F)ကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ခြေစစ်ပွဲများအား ၂၀၁၉ ခုနှစ်မှ စတင်ကာ ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် အုပ်စုပွဲ (၅)ပွဲ ကစားထား ခဲ့ပြီးဖြစ်ပါသည်။
အုပ်စု အနေအထားအရ မြန်မာအသင်းသည် လက်ရှိ အဆင့်(၄)နေရာတွင် ရောက်ရှိနေပြီး ဂျပန်၊ ကာဂျစ်စ္စတန်၊ တာဂျီကစ္စတန် အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရန် ကျန်ရှိနေပါသည်။ အဆိုပါ လက်ကျန် ၃ ပွဲအား ဂျပန်နိုင်ငံ တွင် မေလ ၂၈ ရက်မှ ဇွန်လ ၁၅ ရက်အထိ သွားရောက် ကစားရမည် ဖြစ်ပြီးနှစ်ပေါင်း ၅၀ ကျော်ကြာ ဝေးကွာနေသည့် အာရှဖလားပြိုင်ပွဲသို့ တက်ရောက် ကစားခွင့်ရရန် အခွင့်အရေးရှိနေပါသည်။
မြန်မာအသင်း ပွဲစဉ်များ
၂၀၂၁ မေ ၂၈ – ဂျပန်နှင့် မြန်မာ (ဖူကူဒါ ဒန်ရှိကွင်း၊ ချီဘား)
၂၀၂၁ ဇွန် ၁၁ – မြန်မာနှင့် ကာဂျစ္စတန် (ယန်မာကွင်း၊ အိုဆာကာ)
၂၀၂၁ ဇွန် ၁၅ – တာဂျီကစ္စတန် နှင့် မြန်မာ (ယန်မာကွင်း၊ အိုဆာကာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ပြဌာန်းထားမှုအရ ပြိုင်ပွဲဝင်အသင်းတစ်သင်း အနေဖြင့် ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါက ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲရလဒ်များ အားလုံး ပယ်ဖျက်ခြင်း အပြင် ဆက်လက်၍ နိုင်ငံတကာ ပြိုင်ပွဲများ ပါဝင်ကစားခွင့် ပိတ်သိမ်းခံရခြင်း၊ငွေဒဏ် ချမှတ်ခံရခြင်းနှင့် အခြားသော ဘောလုံးတိုးတက်ရေး လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်းတို့ ကြုံတွေ့ရမည်ဖြစ်ပါသည်။ အလားတူ နိုင်ငံ့လက်ရွေးစင်အသင်းမှ ခေါ်ယူခြင်းကို ငြင်းဆန်သည့် ကစားသမား အနေဖြင့်လည်း ပွဲပယ်အရေးယူ ပြစ်ဒဏ်များလည်း ချမှတ်ခြင်းခံရနိုင်ပါသည်။ ယခင်က မြန်မာအသင်း အနေဖြင့် ၂၀၀၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို နုတ်ထွက်ခဲ့သဖြင့် ၂၀၀၆ ပြိုင်ပွဲများအထိ ပွဲပယ်ခံခဲ့ရသလို ငွေဒဏ်လည်း ချမှတ်ခံခဲ့ရသည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သည့် သတင်းများအရ မြောက်ကိုရီးယား အသင်းအနေဖြင့်လည်း COVID-19 ကပ်ဘေး အခြေအနေကြောင့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲမှ နှုတ်ထွက်ထားကြောင်း သိရသော်လည်း လက်ရှိအချိန်ထိမူ အာရှဘောလုံး အဖွဲ့ချုပ်က အတည်ပြုချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အကယ်၍ နှုတ်ထွက်ခဲ့ပါက မြောက်ကိုရီးယားအသင်း ကစားခဲ့သည့် ရလဒ်များအား ပယ်ဖျက်မည်ဖြစ်ရာ မြန်မာအသင်း အနေဖြင့် အကောင်းဆုံး စတုတ္ထ လေးသင်းစာရင်းတွင် တတိယနေရာသို့ တက်ရောက်သွားမည် ဖြစ်သည်။ ၂၀၂၃ အာရှဖလား ပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်း ဖြင့်ကျင်းပမည်ဖြစ်ရာ လက်ရှိကျင်းပနေသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) အုပ်စု ၈ ခုမှ အုပ် စု ပထမ (၈)သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ (၄)သင်း (စုစုပေါင်း ၁၂ သင်း) အာရှဖလားတိုက်ရိုက် ခြေစစ်ပွဲအောင်မည် ဖြစ်သည်။
ကျန်ရှိသည့် အုပ်စု ဒုတိယအသင်း (၃)သင်း၊ အုပ်စု တတိယ အသင်း (၈)သင်း၊ အကောင်းဆုံး အုပ်စု စတုတ္ထအသင်း (၄)သင်း နှင့် Play Off ပထမ အဆင့်မှ နိုင်သည့် အသင်း (၆)သင်း၊ Play Off ဒုတိယအဆင့်မှနိုင်သည့်အသင်း (၃)သင်း စုစုပေါင်း (၂၄)သင်းတို့သည် အာရှဖလားခြေစစ်ပွဲ တတိယ အဆင့်ကို ၂၀၂၂ ခုနှစ်အတွင်း ဆက်လက်ကစားရမည် ဖြစ်သည်။ အဆိုပါ တတိယအဆင့်ကို အုပ်စု (၆)ခုဖြင့် ကျင်းပမည် ဖြစ်ရာ အုပ်စု ပထမနှင့် ဒုတိယ ရရှိသည့် အသင်း ၁၂ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။