
၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ မဲခွဲပွဲကျင်းပ
October 28, 2021
Laws Of The Game 2021-2022
November 2, 2021ကာဂျစ်စတန်နိုင်ငံ၊ ဘစ်ရှ်ကတ်မြို့၊ Dolen Omurzakov ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိသည့် အာရှယူ-၂၃ ခြေစစ်ပွဲစဉ်၏ အဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းက တရုတ်(တိုင်ပေ) ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးအနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
မြန်မာအသင်းအတွက် အဖွင့်ပွဲစဉ်ဖြစ်သောကြောင့် အဓိကကစားသမားအစုံအလင်နှင့် ပွဲထွက်လာခဲ့ပြီး ပွဲစဉ်တလျောက် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် တရုတ်(တိုင်ပေ) အသင်းကို ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့သည်။ သို့သော် တရုတ်(တိုင်ပေ) ၏ ခံစစ်ကစားပုံကောင်းမွန်မှုနှင့် မြန်မာအသင်း ဂိုးကံခေမှုအချို့ကြောင့် အနိုင်ဂိုးရရှိရန် ပွဲချိန်ပြည့်ရုန်းကန်ခဲ့ရသည်။ အဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သော တရုတ်(တိုင်ပေ)အသင်းသည် ယခုပွဲစဉ်တွင်လည်း ခံစစ်ကို ဦးစားပေးကစားခဲ့ပြီး တန်ပြန်တိုက်စစ်မှတဆင့် ဂိုးရရှိရန် ကြိုးစားခဲ့ကြသည်။ သို့သော်မြန်မာယူ-၂၃ အသင်း၏ နောက်တန်းကစားသမားများ အကောင်းဆုံးပုံစံတွင် ရှိနေခဲ့သောကြောင့် တရုတ်(တိုင်ပေ)အသင်း၏ တန်ပြန်တိုက်စစ် အလုပ်မဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၈၀မိနစ်တွင် လူစားဝင်ကစားသမား ကောင်းမြတ်သူက သွင်းယူပေးခဲ့သည်။ မြန်မာအသင်းပါဝင်သော အုပ်စု(I) တွင် ဗီယက်နမ်နှင့် မြန်မာအသင်းတို့က သုံးမှတ်စီရရှိထားပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် အလားအလာကောင်းမွန်နေသည်။

ပွဲအပြီးတွင် မြန်မာယူ-၂၃ အသင်း၏ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ” ကစားသမားတွေအားလုံးကြိုးစားခဲ့ကြလို့ အနိုင်ရရှိခဲ့တာပါ။ ပြင်ဆင်ချိန်ခဏလေးအတွင်းမှာ အသင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ပထမပိုင်းမှာ အမှားတချို့လုပ်ခဲ့ကြပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီထက်ပိုပြီး ဂိုးတွေရဖို့ မျှော်လင့်ခဲ့ပေမဲ့ အနိုင်သုံးမှတ်ရတဲ့အတွက် ဝမ်းသာပါတယ်” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဗီယက်နမ်ပွဲနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ” ဒီပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်တာ ခြေစစ်ပွဲအောင်ဖို့ရည်ရွယ်ချက်နဲ့ပါ။ ဗီယက်နမ်အသင်းအတွက် သီးသန့်ပြင်ဆင်ထားတာမျိုးမရှိပါဘူး။ အသင်းတိုင်းကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ပဲပြင်ဆင်ထားပါတယ်။ မိနစ် ၉၀ ကစားရတဲ့ ဘောလုံးပွဲတစ်ပွဲမှာ ဘာမဆိုအကုန်ဖြစ်နိုင်ပါတယ်” ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာ ၂ရက်နေ့တွင် ခြေစစ်ပွဲအောင်မြင်ရန်အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
