ရွှေခေတ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် နည်းစနစ်အကြံပေး ဆရာ ဦးတင်ဟန် ကွယ်လွန်
December 28, 2021AFF U-23 Championship 2022 Official Draw Ceremony
December 30, 2021လာမည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အာဆီယံယူ-၂၃ ချန်ပီယံရှစ် (AFF U-23 Championship 2022) ပြိုင်ပွဲအတွက် တရားဝင်အုပ်စုမဲခွဲပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ရက်က စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံဒေသတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း က အုပ်စုသုံးစုခွဲ၍ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုဗိုလ်သုံးသင်းနှင့် အကောင်းဆုံးဒုတိယရရှိသောအသင်းတစ်သင်းတို့သည် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်မည်ဖြစ်သည်။
အုပ်စုခွဲဝေမှုအရ မြန်မာယူ-၂၃အသင်းသည် အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းများနှင့် တစ်အုပ်စု တည်းကျရောက်ခဲ့သည်။ အုပ်စု(က)တွင် အိမ်ရှင်ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း၊ အုပ်စု(ဂ)တွင်ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့က ကျရောက်ခဲ့ကြပါသည်။
အဆိုပါအုပ်စုမဲခွဲမှုကို နောက်ဆုံးကျင်းပခဲ့သော ၂၀၁၉ ပြိုင်ပွဲတွင် အသင်းအလိုက်ရပ်တည်မှုအပေါ်မူတည်၍ ခွဲဝေခဲ့ခြင်းဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက်အထိ ကမ္ဘောဒီးယားနိုင်ငံရှိ Morodok Techno ဘောလုံးကွင်းနှင့် Prince ကွင်းများတွင် ကျင်းပမည်ဖြစ်သည်။
AFF U-23 Championship ပြိုင်ပွဲကို ၂၀၀၅ခုနှစ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံမှာ ၂၀၁၉ခုနှစ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော အင်ဒိုနီးရှားအသင်းဖြစ်သည်။ မြန်မာအသင်းသည် အအောင်မြင်ဆုံးမှတ်တမ်းအဖြစ် ၂၀၀၅ခုနှစ်တွင် တတိယဆု တစ်ကြိမ်ရရှိခဲ့ဖူးသည်။
၂၀၂၂ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်(ဆီးဂိမ်း)ယူ-၂၃ အသင်းများအတွက်အဆိုပါ
AFF U-23 Championship ပြိုင်ပွဲသည် အကြိုခြေစမ်းပြိုင်ပွဲကဲ့သို့ဖြစ်လာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို နည်းပြချုပ်အဖြစ် ဗယ်လီဇာပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။