အမျိုးသမီးဘောလုံး ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(ခ)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ
May 8, 2022ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်လူစာရင်း
May 9, 2022ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်တစ်ပွဲ အဖြစ် မြန်မာယူ-၂၃အသင်းနှင့် အရှေ့တီမော ယူ-၂၃အသင်း တို့ မေ ၈ရက်က Viet Tri Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၂ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။
ယင်းပွဲစဉ်သည် မြန်မာအသင်းအတွက် အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်သောကြောင့် စိုးမိုးကျော်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း အစရှိသည့် အမာခံကစားသမားများကိုပွဲထုတ်ခဲ့ပြီး အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ထားသည့် အရှေ့တီမောအသင်းကလည်း မြန်မာအသင်းကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့သည်။
ပထမပိုင်းပွဲစကတည်းက မြန်မာအသင်းသည် ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အမြောက်အများကို ဖန်တီးနိုင်ခဲ့ကာ ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၃၇မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၄၁မိနစ်တွင် ထက်ဖြိုးဝေတို့က သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းမှ လူစားလဲမှု ငါးဦးအထိပြုလုပ်ခဲ့ပြီး ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့သည်။ သို့သော် အရှေ့တီမောအသင်း၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရပြီး အနိုင်သုံးမှတ်ရရှိရန်အတွက် နောက်ဆုံးမိနစ်အထိ ရုန်းကန်ခဲ့ရသည်။ မြန်မာအသင်းအတွက် အနိုင်သုံးမှတ်ရရှိစေမည့် အဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၉၀+၅ မိနစ်တွင် နောက်ခံလူအောင်၀ဏ္ဏစိုးက သွင်းယူပေးခဲ့သည်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာယူ-၂၃အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က ” ပြိုင်ပွဲတစ်ပွဲရဲ့ အဖွင့်ပွဲစဉ်တိုင်းဟာ ခက်ခဲတတ်ပါတယ်။ ဒီပွဲမှာလည်း ပထမပိုင်းမှာ အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရတယ်။ အရှေ့တီမောအသင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပါတယ်။ သူတို့အသင်း အကောင်းဆုံး တုန့်ပြန်ကစားနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်သုံးမှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒီပွဲက အမှားတွေကို သင်ခန်းစာယူပြီး ဖိလစ်ပိုင်နဲ့ ပွဲစဉ်အတွက် ဆက်လက်ပြင်ဆင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၂၃အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် မေ ၁၀ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် အဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားသောအသင်းဖြစ်သည်။