ဖိလစ်ပိုင်ကို အနိုင်ယူပြီး အုပ်စု(က)ကို ဦးဆောင်ခဲ့တဲ့ မြန်မာယူ-၂၃အသင်း
May 10, 2022မြန်မာဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ရွေးချယ်လျက်ရှိ
May 12, 2022ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ် အဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် လာအို အမျိုးသမီးအသင်း တို့ မေ ၁၀ရက်က Cam Pha Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် မေဇင်နွယ်၊ခင်သန်းဝေ၊ဇွန်ယုယဦး၊ အေးအေးမိုး၊ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ မြတ်နိုးခင် စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။
ပထမပိုင်းပွဲစကတည်းက မြန်မာအသင်းသည် လာအိုအသင်းဘက်သို့ဆက်တိုက်ဆိုသလို ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်အကြိမ်များစွာရရှိခဲ့သော်လည်း လာအိုနောက်တန်းနှင့်ဂိုးသမား အကောင်းဆုံးပုံစံဖြင့် ဂိုးမပေးရအောင် တားဆီးနိုင်ခဲ့သည်။ ပွဲချိန် ၂၈မိနစ်တွင် မြန်မာအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှ သွင်းယူပေးခဲ့ပြီး မြန်မာအသင်း ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၀ ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်း ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို အသင်းခေါင်းဆောင်ခင်မာလာထွန်းမှ ၅၇ မိနစ်နှင့် ၆၇မိနစ်တို့တွင် သွင်းယူခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက လာအိုအသင်းကို (၃-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင် က ” အနိုင်ရလဒ်ရအောင် ကစားခဲ့ကြတဲ့ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ လာအိုအသင်းရဲ့ ကြိုးစားအားထုတ်မှုကိုလည်းအသိအမှတ်ပြုပါတယ်။
နောက်တစ်ဆင့်မှာ ဗီယက်နမ်၊ဖိလစ်ပိုင် ဘယ်အသင်းနဲ့ပဲတွေ့တွေ့ပါ။ ကျွန်တော်တို့ပြင်ဆင်ထားတဲ့အတိုင်းပဲ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ဒီနေ့မှာ အသင်းရဲ့လိုအပ်ချက်တွေကို ပြန်သုံးသပ်ပြီး လာမယ့်ပွဲမှာ ပြင်ဆင်နိုင်မယ်လိုမျှော်လင့်ပါတယ်။ ခင်မာလာထွန်းအနေနဲ့လည်း သူ့ရဲ့ အတွေ့အကြုံနဲ့ အကောင်းဆုံးအသင်းကို ထိန်းကြောင်းကစားသွားလို့ ချီးကျူးပါတယ်။ ကစားသမားအငယ်လေးတွေ အနေနဲ့ ကြိုးစားကြတယ်ဆိုပေမယ့် လိုအပ်ချက်လေးတွေတော့ရှိနေတုန်းပါ။ သူတို့ကြားက ကွာဟမှုကျဉ်းမြောင်းအောင်တော့ ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်။” ဟု ပြောကြားခဲ့သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် မေ ၁၃ရက်တွင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ထိုင်းအသင်းသည် အဖွင့်ပွဲစဉ်တွင် စင်ကာပူအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားသောအသင်းဖြစ်သည်။