ထိုင်းအမျိုးသမီးလိဂ်- ၁ လက်ရှိချန်ပီယံအသင်းသို့ သွားရောက်ကစားမည့် ခင်မာလာထွန်း
June 8, 2022အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ
June 9, 2022အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စု (F ) ပထမဆုံး ပွဲစဉ်အဖြစ် ဇွန် (၈) ရက်က ကာဂျစ္စတန်နိုင်ငံတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် တာဂျီကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တာဂျီကစ္စတန်အသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပွဲထွက်လူစာရင်းတွင် ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ စိုးမိုးကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ မြတ်ကောင်းခန့်၊ လှိုင်းဘိုဘို၊လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမာန် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း တာဂျီကစ္စတန်အသင်းအား ရင်ဆိုင်ခဲ့သည်။
တာဂျီကစ္စတန်အသင်းကလည်း အဓိက ကစားသမား အစုံအလင်ဖြင့်ပွဲထွက်ခဲ့ပြီး ပွဲချိန် (၉) မိနစ်တွင် Mabatshoev က ၁၈ ကိုက်အတွင်း မြန်မာနောက်ခံလူများ အကြားမှ ကန်ချက်ပြင်းပြင်းဖြင့် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် ၃၈ မိနစ်တွင် လွင်မိုးအောင် ပေးပို့မှုမှ အောင်ကောင်းမာန် တာဂျီကစ္စတန်အသင်း ပင်နယ်တီဧရိယာ အတွင်း အပိုင်ကန်သွင်းခဲ့သော်လည်း ဂိုးပေါက်လွဲချော်ခဲ့သည်။ မြန်မာအသင်း ချေပဂိုးရရှိမည့် အခွင့်အရေးဆုံး ရှုံးခဲ့ခြင်းကြောင့် ပထမပိုင်းအပြီးတွင် တာဂျီကစ္စတန်အသင်း က (၁-၀) ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ပထမပိုင်းအတွင်း မြန်မာအသင်း ကစားပုံကောင်းခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှု ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် တစ်ဦးချင်း အမှားများမှ တဆင့် ပေးဂိုးများ ဆက်လက်ခွင့်ပြုခဲ့ရသည်။ ပွဲချိန် (၅၃) မိနစ်တွင် နောက်ခံလူ စိုးမိုးကျော် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက် တစ်ယောက်လျော့ အနေအထားဖြင့် ပြိုင်ဘက်အား ရင်ဆိုင်ခဲ့ရပြီး
ပြိုင်ဘက် တာဂျီကစ္စတန် အသင်းက အသာစီးရယူကာ ပွဲချိန် (၅၆) မိနစ်တွင် Dzhalilov က ပင်နယ်တီမှ တစ်ဆင့် ဒုတိယအနိုင်ဂိုး၊ ပွဲချိန် (၅၇) မိနစ်တွင် Mabatshoev က အနီးကပ် ခေါင်းတိုက်ချက်ဖြင့် တတိယအနိုင်ဂိုး၊ ပွဲချိန်(၈၄) မိနစ်တွင် Panshanbeက ၁၈ ကိုက်ထိပ် အဝေးကန်ချက်ဖြင့် စတုတ္ထအနိုင်ဂိုးများ သွင်းယူခဲ့သည်။
” ကျွန်တော်တို့ ပထမပိုင်းမှာ ပြိုင်ဘက်နဲ့ သူတင်ကိုယ်တင် ကစားပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ တာဂျီကစ္စတန် အသင်းကို ဂိုးပေးလိုက်ရပေမယ့် အသင်းလိုက် ကစားပုံကောင်းခဲ့ပါတယ်။ ချေပဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးသွားခဲ့တာကြောင့် ပထမပိုင်းမှာ အရေးနိမ့်ပေမယ့် ဒုတိယပိုင်းမှာ အားလုံးကြိုးစားပြီး ချေပဂိုးရဖို့ ရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အနီကတ်နဲ့ တစ်ယောက်ထုတ်ပယ်လိုက်ရသလို မကြာခင်မှာပဲ ပင်နယ်တီပါ ပေးလိုက်ရတာကြောင့် (၂-၀)ဂိုးနဲ့ ကျွန်တော်တို့ ပြန်ကစားဖို့ ခက်သွားခဲ့ပါတယ်။” ဟု မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက သတင်းမီဒီယာများအား ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည်ဇွန် ၁၁ ရက်တွင် အိမ်ရှင် ကာဂျစ္စတန်၊ ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။