အာဆီယံ ယူ- ၁၉ တွင် ဗီယက်နမ်ကို မြန်မာအသင်း ရူံးနိမ့်
July 8, 2022အာဆီယံ ယူ- ၁၉ အုပ်စု(က)တွင် ဗီယက်နမ်နှင့် ထိုင်း ဆီမီးတက်
July 11, 2022ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇူလိုင် ၉ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း (ဂိုး)၊ ခင်သန်းဝေ၊ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ နန့်ဇူဇူးထက်၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ခင်မိုမိုထွန်း တို့ဖြင့် စတင်ခဲ့သည်။ မြန်မာအသင်း ပွဲစတင်သည့် ကမ္ဘောဒီးယားအသင်းကို
ဖိအားပေးကစားခဲ့သော်လည်း ဂိုးရရှိရန် ခက်ခဲခဲ့ပြီး ပွဲချိန် ၃၂မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်း၏ တစ်ကိုယ်တော်ခြေစွမ်းပြ အဝေးကန်သွင်းချက်ဖြင့် အဖွင့်ဂိုးရရှိကာ ပထမပိုင်းအပြီးတွင် (၁-၀) ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက အသာစီးရရှိကာ ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၁မိနစ်တွင် မြတ်နိုးခင်၊ ပွဲချိန် ၈၇ မိနစ်တွင် လူစားဝင်တိုက်စစ်မှူး ခင်မိုးဝေတို့မှ အသီးသီးထပ်မံသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
“အနိုင်ရလဒ်အတွက် ဝမ်းသာပါတယ်။ အသင်းရဲ့ခြေစွမ်းပေါ်မှာတော့ကျေနပ်မှုမရှိပါဘူး။ ကစားသမားအချို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ ဒီပွဲမှာ အသုံးပြုခဲ့ပါတယ်။ အသင်းအနေနဲ့ အဆုံးသတ်ပိုင်းနဲ့ တိုက်စစ်သွားတဲ့ နေရာမှာ အားနည်းချက်တွေ အများကြီးရှိနေပါသေးတယ်။ လာအိုအသင်းနဲ့ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပွဲအပြီး သတင်းစားရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (ခ) တတိယမြောက် ပွဲစဉ်အဖြစ် ဇူလိုင်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။