AFC Futsal Level – 2 Coaching Certificate Course သင်တန်းဆင်းပွဲကျင်းပ
July 13, 2022ဘဏ္ဍာရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ
July 15, 2022အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စု(ခ)နောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၁၃ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီ ၃၀မိနစ် Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင် ဗီယက်နမ်အသင်းက (၄-၀) ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းအနေဖြင့် အုပ်စုအဆင့်ကို ယခုပွဲစဉ်မတိုင်မီကတည်းက ကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ ယနေ့ပွဲစဉ်တွင် အသင်း၏ အဓိက ဝါရင့် ကစားသမား အများစုကို အနားပေးခဲ့ပြီး ကစားအားကောင်းမွန်သည့် လူငယ်ကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သည်။ ပွဲထွက်လူစာရင်းအဖြစ် မျိုးမြမြငြိမ်း (ဂိုး)၊ ဇွန်ယုယဦး၊ မိုးမမစိုး၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ ပုံပုံပြည့်မောင်၊ ဝင်းဝင်း၊ ဝေဖူးအိမ်၊ ယဉ်လွန်းအိမ်၊ မေဖူးကို၊ နှင်းပွင့်အေးတို့ဖြင့် ပွဲထွက်ခဲ့သည်။ ဗီယက်နမ်အသင်းသည် မြန်မာအသင်းနှင့် ပွဲစဉ်တွင် တိုက်စစ်မှူး အသင်းခေါင်းဆောင် Huynh Nhu အပါအဝင် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။
ဗီယက်နမ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၆မိနစ်တွင် ကျောနံပါတ် (၇) Tuyet Dung မှသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုလည်း အဆိုပါ ကျောနံပါတ် (၇) မှ ပင်နယ်တီမှ တစ်ဆင့်သွင်းယူခဲ့သည်။ ဗီယက်နမ်အသင်းအတွက် တတိယဂိုးကို ပထမပိုင်းပြီးဆုံးကာနီး ပွဲချိန် ၄၅+၁ တွင် တိုက်စစ်မှူး ကျောနံပါတ် (၉) Huynh Nhu မှ သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းအနေဖြင့် ကစားပုံ ပိုမိုကောင်းမွန်ခဲ့သော်လည်း ပွဲချိန် ၈၉ မိနစ်တွင် တိုက်စစ်မှူး Pham Hai Yen ၏ ခေါင်းတိုက်သွင်းဂိုးကို ထပ်မံခွင့်ပြုခဲ့ရပြီး ပွဲပြီးဆုံးချိန်တွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၄-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါရလဒ်ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စု (ခ) ဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီး အုပ်စု(က) ပထမနေရာမှ ထိုင်းအသင်းနှင့် ဇူလိုင် ၁၅ရက် မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ်အသင်းအနေဖြင့် အုပ်စု(က) ဒုတိယနေရာမှ အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာစံတော်ချိန် ညနေ ၅နာရီ ၃၀မိနစ် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“ပထမဆုံးအနေနဲ့ ဗီယက်နမ်အသင်းရဲ့ နိုင်ပွဲအတွက် ဂုဏ်ယူတယ်လို့ ပြောချင်ပါတယ်။ ဒီနေ့ခွင့်ပြုခဲ့ရတယ့် ဂိုး(၄)ဂိုးမှာ လူကျွံအနေ အထား၊ ပင်နယ်တီတွေပါဝင်လာခဲ့လို့ ဒီလိုရလဒ်မျိုးဖြစ်သွားတယ်လို့ထင်ပါတယ်။ ပွဲထွက်လူစာရင်းမှာ (၁၉)နှစ်အောက်အသင်းမှာ ပါဝင်တဲ့လူငယ်တွေကို အများစု အသုံးပြုပြီး ပွဲထွက်ခဲ့ပါတယ်။ ကလေးတွေ အကောင်းဆုံးကြိုးစားကစားခဲ့ပေမယ့် အတွေ့အကြုံပိုင်းမှာသာတဲ့ဗီယက်နမ်ကစားသမားတွေက ပွဲကိုအပြောင်းအလဲလုပ်နိုင်ပြီး အသာရသွားတယ်လို့ မြင်ပါတယ်။ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် ထိုင်းအသင်းနဲ့ ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ် ” ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။
” ဒီနေ့ ရလဒ်အတွက် အံ့သြခဲ့ရပါတယ်။ မြန်မာအသင်းနဲ့ ကျွန်တော်တို့အသင်းက ကျဉ်းမြောင်းတဲ့ ကွာခြားချက်ပဲရှိပြီး ခက်ခဲတဲ့ ပြိုင်ဘက်ဆိုတာ သိထားလို့ပါ။ ဒီနေ့ပွဲအတွက် ကစားသမားတွေနဲ့ နည်းပြတွေကြားမှာ သေချာပြင်ဆင်ခဲ့တာပါ။ ဘာပဲပြောပြော ဒီနေ့ပွဲအတွက်ကျေ နပ်ပါတယ်။ ကစားသမားတွေရဲ့ အကောင်းဆုံးကြိုးစားမှုကို ချီးကျူးပါတယ်။ နောက်တစ်ဆင့် တက်သွားတဲ့ အသင်းတိုင်းက အသင်းကောင်းတွေပါပဲ။ အိမ်ရှင်လည်းဖြစ်၊ တောင့်တင်းတဲ့ အသင်းလည်းဖြစ်တဲ့ ဖိလစ်ပိုင်အသင်းကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အသင်းရဲ့ ကစားပုံကိုကျေနပ်အားရပေမယ့် တစ်ရက်ပဲ နားပြီး တောင့်တင်းတဲ့ အိမ်ရှင်ကို ကန်ရမှာဖြစ်လို့ ခက်ခဲမှာသေချာပါတယ်” ဟု ဗီယက်နမ် နည်းပြ Mai Duc Chung က ပြောကြားခဲ့သည်။