အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
August 9, 2022အာဆီယံ ယူ-၁၆ ပြိုင်ပွဲ တတိယလုပွဲတွင် ထိုင်းအသင်းကို မြန်မာအသင်း အရေးနိမ့်
August 12, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့သော်လည်း ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- စိုင်းသီဟနိုင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ဟန်ထွန်းဇော်၊ နေမင်းထက်၊ အောင်ဇော်မျိုး၊ ရှေ့တန်း- ရှိုင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို့ ပါဝင် ကစားခဲ့ကြသည်။
အင်ဒိုနီးရှားသည် အိမ်ရှင်အသင်းပီပီ ပရိသတ်အားဖြင့် မြန်မာအသင်းကို ပွဲအစကတည်းက တိုက်စစ်ဆင် ကစားခဲ့သော်လည်း မြန်မာအသင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်တုန့်ပြန် ကစားခဲ့သောကြောင့် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရသည်။
မြန်မာအသင်း အနေဖြင့် တန်ပြန်တိုက်စစ်မှ တဆင့် ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲချိန် ၄၄ မိနစ်တွင် နေမင်းထက်က သွင်းယူပေးခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် မြန်မာအသင်းဘက်မှ စောမျိုးဇော်၊ ကောင်းခန့်ဇော်၊ ဘရန်းဒွန်းလီ အစရှိသည့် ကစားသမားများ လူစားဝင် ကစားခဲ့ကြသည်။ ပွဲချိန် မိနစ် ၇၀ တွင် အင်ဒိုနီးရှား ကွင်းလယ်ကစားသမား အက်ဖရစ်ဆယ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်ပြီး ချေပဂိုးသွင်းယူခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးထပ်မသွင်းနိုင်ဘဲ မိနစ် ၉၀ ပြည့်သွားသောကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အင်ဒိုနီးရှား အသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဦးအောင်ဇော်မျိုးက “အနိုင်ရသွားတဲ့ အင်ဒိုနီးရှား အသင်းကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့တာပါ”ဟု ပြောကြားခဲ့ပြီး မြန်မာကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကိုလည်း ” ကျွန်တော်တို့ အသင်းက အုပ်စုပွဲနဲ့ ဆီမီးပွဲစဉ်ကြားမှာ တစ်ရက်ပဲ အနားရတဲ့အတွက် ကစားသမားအချို့က အချိန်မီ recovery ပြန်မရခဲ့ကြပါဘူး။ ဒါပေမဲ့ ဒီပွဲကို ကစားချင်စိတ် ပြင်းပြနေကြလို့ အားကြိုးမာန်တက် ကစားခဲ့ကြတာကိုတော့ အားလုံးမျက်မြင်ပါပဲ။ ကျွန်တော့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာယူ-၁၆ အသင်းသည် တတိယလုပွဲအဖြစ် ဩဂုတ် ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀ နာရီတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။