
ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီအစည်းအဝေး (၂/၂၀၂၂) ကျင်းပ
September 9, 2022
အာရှ ယူ-၂၀ ခြေစစ်ပွဲ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း ရူံးနိမ့်
September 13, 2022ဆော်ဒီအာရေဗျနိုင်ငံ၌ စက်တင်ဘာ(၁၀) ရက်မှ (၁၈) ရက် အထိ ကျင်းပမည့် ၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) အုပ်စု (က)၏ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ (၉) ရက် နေ့လယ်ပိုင်းက Al Khobar မြို့ရှိ WarWick Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ မတိုင်မီ Match Coordinating meeting ကို ပြုလုပ်ခဲ့ပြီး မြန်မာယူ-၂၀ အသင်း အုပ်ချုပ်သူ ဦးရဲဝင်းအောင်နှင့် ဂိုးနည်းပြ ဦးစိန်အေးတို့ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် သတင်းစာ ရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်း တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ” ကျွန်တော်တို့အသင်းဟာ ဒီပြိုင်ပွဲ မတိုင်မီ အာဆီယံ ချန်ပီယံရှစ်နဲ့ ဗီ ယက်နမ် ဖိတ်ခေါ်ဖလားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခု အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စုတွင်းမှာ အသင်းကောင်းတွေ ပါဝင်နေတာကြောင့် ခက်ခဲစွာ ကစားသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမြင့်ဆုံး ရည်မှန်းချက်နဲ့ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့ အခုရှိနေတဲ့ ခြေစွမ်းထက် အဆပေါင်းများစွာ ကြိုးစားဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀)သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သည့် အုပ်စု(က)တွင် ၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမည့် ဉဇဘက်ကစ္စတန် အသင်းပါဝင်နေပြီး ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲအောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ည ၉ : ၃၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ရက် နံနက် ၀၁ : ၀၀ နာရီ) တွင် တရုတ်၊ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၆ : ၁၅ နာရီ (မြန်မာစံတော်ချိန် ည ၉ : ၄၅နာရီ) တွင် ဉဇဘက်ကစ္စတန်၊ စက်တင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၉ : ၃၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၇ ရက် နံနက် ၀၁ : ၀၀ နာရီ) တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် ည ၉ : ၀၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက် နံနက် ၀၀ : ၃၀ နာရီ) တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။