AFC/ MFF B Diploma Coaching Course Part 1 သင်တန်းကာလပြီးဆုံး
December 6, 2022အာဆီယံ ချန်ပီယံရှစ်ပြင်ဆင်မှုအဖြစ် ကစားခဲ့သည့်ခြေစမ်းပွဲတွင် ထိုင်းအသင်းကို မြန်မာအသင်း အရေးနိမ့်
December 11, 2022ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲ အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂း၀၀ နာရီက သမ်မာဆက် အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် နောက်ခံလူ ရဲမင်းသူ (ရှမ်းယူနိုက်တက်) တို့တက်ရောက် ဖြေကြားခဲ့သည်။ အဆိုပါ ခြေစမ်းပွဲအား မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် ည(၈း၀၀)နာရီ၊ Thammasat Stadium တွင်ကျင်းပမည် ဖြစ်သည်။
” ခြေစမ်းပွဲစီစဉ် ဖိတ်ကြားခဲ့တဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ကြောင်း ဦးစွာပြောလိုပါတယ်။ ဒီမှာ အကောင်းဆုံး စီစဉ်မှုပေးမှုတွေနဲ့ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့ပြီး ကလပ်အသင်းတွေနဲ့ပါ ခြေစမ်းခွင့်ရခဲ့လို့ ကစားသမား ရွေးချယ်မှု အပိုင်းမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ထိုင်းလက်ရွေးစင် အသင်းနဲ့ခြေစမ်းပွဲကတော့ ကျွန်တော်တို့ နှစ်သင်းစလုံး ယှဉ်ပြိုင်ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုတစ်ရပ် ဖြစ်ပါတယ်။ ထိုင်းအသင်းက အသင်းကောင်းတစ်သင်း ဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမှာပါ။ ထိုင်း တိုက်စစ်မှူး Teerasil Dangda ကတော့ အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးဆိုတာ သိပါတယ်၊ သူတစ်ဦးတည်း မဟုတ်ဘဲ အခြား ကစားသမားတွေကိုရော အသင်းတစ်သင်းလုံးကိုပါ ယှဉ်ပြိုင်ကစားရမှာပါ။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာလည်း ရှိပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့အားလုံးရဲ့ ပြင်ဆင်ထားမှုကို တွေ့မြင်ရမှာပါ။” ဟု မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ဆိုသည်။
” ကျွန်တော်တို့ အကောင်းဆုံး လေ့ကျင့်နေကြပါတယ်။ ထိုင်းအသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး ကျွန်တော်တို့ကလည်း ပြိုင်ဘက်က လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကျွန်တော်တို့ ကစားဖော်တွေ အားလုံး အကောင်းဆုံး အနေအထားရှိပြီး အသင်းဖော်ချင်းလည်း ယုံကြည်မှုရှိပါတယ်။” ဟု နောက်ခံလူ ရဲမင်းသူက ဖြေကြားခဲ့သည်။
မြန်မာနှင့်ထိုင်း ခြေစမ်းပွဲသို့လာရောက် သတင်းယူသည့် ဗီယက်နမ် မီဒီယာ တစ်ဦး၏ မေးမြန်မှုကိုမူ မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ဗီယက်နမ်အသင်းသည် နည်းပြကောင်း တစ်ဦးပိုင်ဆိုင်ထားပြီး အသင်းကောင်းတစ်သင်း ဖြစ်နေသည်မှာ သံသယရှိစရာမလိုကြောင်း၊ မိမိတို့အသင်းသည်လည်း အကောင်းဆုံး ပြင်ဆင်နေပြီး လာမည့် အာဆီယံ ချန်ပီယံရှစ် အုပ်စုပွဲစဉ်ဖြစ်သည့် ဇန်နဝါရီ ၃ ရက်ပွဲစဉ် (ဗီယက်နမ်နှင့်မြန်မာ) တွင် တွေ့မြင်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းနိုင်ငံတွင် ကလပ်အသင်းများဖြစ်သည့် လိဂ်-၁ ကလပ် ချွန်ဘူရီကို (၄-၁)ဂိုး၊ လိဂ်-၂ ကလပ် ဆာမတ် ပရာခန်ကို (၂-၀)ဂိုး တို့ဖြင့် ခြေစမ်းပွဲများတွင် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းပြီးပါက AFF Mitsubishi Electric Cup 2022 အုပ်စုပွဲစဉ် အဖွင့်ပွဲအဖြစ် မလေးရှား အသင်းနှင့် လာမည့် ဒီဇင်ဘာ ၂၁ ရက်၊ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။