မြန်မာနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်အတွက် Match Coordinating Meeting နှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
December 20, 2022MFF Internal Academy Football Tournament 2022 ပြိုင်ပွဲကျင်းပမည်
December 22, 2022၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ (၂၁) ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မလေးရှားအသင်းက (၀-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ သီဟထက်အောင်၊ အလယ်တန်း-ကျော်မင်းဦး၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ရှေ့တန်း- ဟိန်းထက်အောင်၊အောင်ကောင်းမာန်၊ မောင်မောင်လွင် တို့ဖြင့် စတင်ပွဲထွက်ခဲ့သည်။ မလေးရှားအသင်းကလည်း ကိုရီးယားနည်းပြ Kim Pan-gon၏ ဦးဆောင်မှုနှင့်အတူ အကောင်းဆုံး လူစာရင်းဖြင့် မြန်မာအသင်းကို ရင်ဆိုင်ခဲ့သည်။
ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်း၏ ကစားပုံကောင်းမွန်ခဲ့ပြီး အောင်ကောင်းမာန်နှင့် ဟိန်းထက်အောင်တို့၏ ဂိုးရရှိရေး ကြိုးစားမှုများကို
မလေးရှားအသင်း နောက်တန်း ကာကွယ်နိုင်ခဲ့သည်။ မလေးရှားအသင်းကလည်း ကျောနံပါတ်(၇) တိုက်စစ်မှူး မိုဟာမက်ဟိုင်ဆာ၏ ထိုး ဖောက်မှုများဖြင့် မြန်မာအသင်းကို ဖိအားပေးခဲ့သည်။ ပွဲချိန် မိနစ်(၄၀)တွင် မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင် ဒဏ်ရာရသွားသဖြင့် ရဲရင့်အောင်နှင့် လူစားလဲခဲ့ရပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး ပွဲချိန်(၅၁) မိနစ်တွင် တိုက်စစ်မှူး မိုဟာမက်ဟိုင်ဆာက မလေးရှားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် မြန်မာအသင်းသည် ရန်နိုင်ဦး၊အောင်ကောင်းမာန်၊ ကျော်ဇင်လွင်၊နန္ဒကျော်တို့ကို ထုတ်ပြီး မြတ်ကောင်းခန့်၊ဝင်းနိုင်ထွန်း၊ ဟိန်းဖြိုးဝင်း၊ ဒေးဗစ်ထန်းတို့ကို ထည့်သွင်း၍ တိုက်စစ်အရှိန် မြှင့်ကာ ချေပဂိုးရရှိရေး တောက်လျှောက် ဖိအားပေးကစားခဲ့သော်လည်း မလေးရှားအသင်း ဂိုးသမားနှင့် နောက်တန်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။
ပွဲချိန်(၈၉) မိနစ်တွင် ပင်နယ်တီ ဧရိယာအတွင်း မလေးရှားအသင်းကစားသမား လက်ထိဘောဖြစ်၍ ပင်နယ်တီပေးခံရပြီး ယင်း ပင်နယ်တီကို ဝင်းနိုင်ထွန်း ကန်သွင်းသော်လည်း မလေးရှားအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့သဖြင့် မြန်မာအသင်း ချေပဂိုးရရှိမည့် အခွင့်အရေး ဆုံးရူံးကာ ပွဲအပြီးတွင် (၀-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ဒုတိယမြောက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၂၄) ရက်တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။