အာရှ ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရန် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း ထွက်ခွာ
March 6, 2023Zaw Zaw drives social responsibility through football in Myanmar
March 9, 2023၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအဖြစ် အုပ်စု (G) အဖွင့်ပွဲအဖြစ် မတ် ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- မေဦးခင်၊ နောက်တန်း- နှင်းပွင့်အေး၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ အလယ်တန်း- ဝေဖူးအိမ်၊ ဖြူဖြူဝင်း၊ နန်းချိုမွှေး၊ ကြယ်စင်၊ ရှေ့တန်း- ယုယနိုင်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြသည်။
မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သော်လည်း လိုအပ်သည့် အနိုင်ဂိုးများ သွင်းယူနိုင်ခြင်း မရှိသဖြင့် ပွဲချိန် ပထမပိုင်းတွင် စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ဒုတိယပိုင်းတွင် ဝေဟင်ဖြိုး၊ ယဉ်လွန်းအိမ်၊ ဒေစီအောင်တို့ကို လူစားလဲကာ ကမ္ဘောဒီးယားအသင်းကို ပိုမို ဖိအားပေးခဲ့ရာ ပွဲချိန် ဒုတိယပိုင်းတွင် အနိုင်ဂိုးများ ရရှိခဲ့သည်။ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၉ မိနစ်တွင် စန္ဒာလင်းနှင့် ပွဲချိန် ၆၄ မိနစ်တွင် ဝေဟင်ဖြိုးတို့က သွင်းယူခဲ့ကြသည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက “ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ကြိုးစားပမ်းစား ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲတုန်းက ပြောခဲ့သလိုပဲ ကျွန်မတို့ကလေးတချို့က စာမေးပွဲကာလကိုဖြတ်သန်းခဲ့ရတဲ့အတွက် ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရခဲ့လို့ ပွဲချိန်ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတာပါ။ လူစားလဲမှုတွေပြုလုပ်ပြီးနောက်မှာတော့ ဂိုးတွေရရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ပထမအဆင့် ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။