MFF Newly Referee Course 1/2023 သင်တန်းဖွင့်လှစ်
April 24, 2023AFC Futsal Coaching Certificate Course- Level 1 သင်တန်းဖွင့်လှစ်မည်
April 25, 2023
၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ၊ အုပ်စု (F)အဖွင့်ပွဲအဖြစ် ဧပြီ ၂၄ ရက် မြန်မာစံတော်ချိန် ည ၈:၃၀ နာရီတွင် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့၊ Dolen Omurzakov ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အိမ်ရှင် ကာဂျစ္စတန်အသင်းကို (၀-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ အမျိုးသမီး ယူ-၁၇ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- သူဇာအောင်၊ နောက်တန်း- ယမင်းဖြူ၊ ယုယုနိုင်၊ မင်းမင်းနု၊ သဲအိလှိုင်၊ အလယ်တန်း-ဟန်နီမိုးလွင်၊ ကေသွယ်ဖြိုးဦး၊ ငြိမ်းငြိမ်းဖြိုး၊ခင်ဖုန်း၊ ရှေ့တန်း- ဇခါရိုရ်စီ၊ ယုယနိုင်တို့ ပါဝင်ကစားခဲ့ကြသည်။
ပွဲချိန် ပထမပိုင်းတွင် မြန်မာ ယူ -၁၇ အသင်းသည် အကောင်းဆုံး ပုံစံဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် (၄) မိနစ်တွင် ယုယနိုင်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး ပထမပိုင်းအပြီးတွင် မြန်မာ ယူ -၁၇ အသင်းက (၀-၁) ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် ကာဂျစ္စတန်အသင်းက ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဂိုးရရှိရေး အခွင့်အရေးကောင်းများကို မြန်မာ ယူ -၁၇ အသင်းက ပိုမိုဖန်တီးနိုင်ခဲ့သည်။ ပွဲပြီးခါနီးရရှိသော ပင်နယ်တီကို ကေသွယ်ဖြိုးဦး ကန်သွင်းရာ ကာဂျစ္စတန်အသင်း ဂိုးသမား Violetta ကာကွယ်ခဲ့သောကြောင့် မြန်မာ ယူ -၁၇ အသင်း ဒုတိယဂိုးရရှိမည့် အခွင့်အရေး ဆုံးရူံးခဲ့ရသည်။
ပွဲအပြီးတွင် မြန်မာ အမျိုးသမီး ယူ-၁၇ အသင်းနည်းပြချုပ် ဦးသန်းဝေက ” ပြင်ဆင်မှုတွေ သေချာပြုလုပ်ထားတဲ့ အိမ်ရှင် ကာဂျစ္စတန်အသင်းကို အနိုင်ရလို့ ကျေနပ်မိပါတယ်။ အိန္ဒိယနဲ့ ကစားရဦးမှာဖြစ်တာကြောင့် လေ့ကျင့် ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဧပြီ ၂၆ ရက် ကာဂျစ္စတန်နဲ့ အိန္ဒိယ ကစားမယ့်ပွဲကို ကွင်းအတွင်း လာရောက်ကြည့်ရူဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းသည် ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် ည ၈:၃၀ နာရီတွင် အိန္ဒိယအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Gallery