အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအတွက် MEDIA ACCREDITATION FORM များလျှောက်ထားနိုင်
May 12, 2023ဆီမီးဖိုင်နယ်တွင် ထိုင်းအား မြန်မာ ယူ၂၂ အရေးနိမ့်
May 13, 2023၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ မေလ ၁၂ရက်၊ မြန်မာစံ တော်ချိန် ညနေ ၆နာရီ ၃၀မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း၊ ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ စန်းသော်သော်၊ ရူပါခိုင်၊ ဝင်းသိင်္ဂီထွန်းတို့ကို အသုံးပြုခဲ့သည်။
ပွဲချိန်၁၀မိနစ်တွင် Saowalak က ထိုင်းအသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် မြန်မာအသင်းဘက်သို့ ထိုးဖောက်ခဲ့ပြီး ၁၈မိနစ်တွင် ထိုင်းကစားသမား Orapinက အဝေးကန်ချက်ဖြင့် ဒုတိယဂိုးသွင်းယူခဲ့သည်။
မြန်မာအသင်း ပွဲစဉ်အစပိုင်းတွင် အထနှေးနေခဲ့ပြီး ဒုတိယဂိုးခွင့်ပြုပြီးသည့်အချိန်တွင် တိုက်စစ်မြှင့်တင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးကာနီး ပွဲချိန် ၄၃မိနစ်တွင် မြန်မာအသင်းအတွက် ပထမချေပဂိုးကို တောင်ပံကစားသမား ရူပါခိုင်ကသွင်းယူပေးခဲ့သည်။
ယင်းနောက် မြန်မာအသင်း ကစားပုံကောင်းမွန် လာခဲ့ပြီး ဆက်တိုက်ဖိအားပေးခဲ့သော်လည်း ဂိုးထပ်မံရရှိခြင်းမရှိဘဲ ပထမပိုင်းတွင် ၂-၁ ဂိုးရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်သည်နှင့် မြန်မာအသင်း တိုက်စစ်ကို အရှိန်မြှင့်ကစားခဲ့ပြီး ပွဲချိန် ၄၈မိနစ်တွင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို စန်းသော််သော်က မြန်မာအသင်းအတွက် အဖိုးတန် ဦးဆောင်ဂိုးကို ပွဲချိန် ၅၂မိနစ်တွင် သွင်းယူပေးခဲ့ပြီး ထိုင်းအသင်းကို ၂ဂိုးပြတ် ရှုံးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
အနိုင်ဂိုးရရှိပြီးနောက် မြန်မာအသင်း ပွဲကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခ့ရာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး ထပ်ဆောင်းအချိန်ပို ၂ မိနစ်တွင် မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် သွင်းဂိုးကို လူစားဝင် ကစားသမား မြတ်နိုးခင်က သွင်းယူခဲ့ကာ မြန်မာအသင်းက ထိုင်းအသင်းကို ၄-၂ဂိုးဖြင့်အနိုင်ရပြီး ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီးဂိမ်းစ် ဗိုလ်လုသို့ တက်ရောက်ခဲ့သည်။
“ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ ကစားဟန်ကြောင့် ဒီနေ့ပွဲစဉ်က တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနေ့ နိုင်ပွဲရအောင် ကြိုးစားခဲ့တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းပါ။ ကျွန်တော့်အနေနဲ့ အသင်းကိုကိုင်တွယ်တာ အရမ်းကို တိုတောင်းလွန်းတာမို့ ဒီနေ့နိုင်ပွဲက ကစားသမားတွေ ရယူသွားတဲ့နိုင်ပွဲဖြစ်ပါတယ်။ ဒီအသင်းကို ကိုင်တွယ်ကတည်းက အမြဲတမ်း ထောက်ပံ့ပေးနေတဲ့ နည်းပြ၊အုပ်ချုပ်မှု အဖွဲ့အားလုံးရဲ့ ပံ့ပိုးမှုကလည် အရေးပါခဲ့ပါတယ်။ ဒီကစားသမားတွေက သူတို့လုပ်ချင်တာ ဘာမဆိုရအောင်လုပ်နိုင်တဲ့ ကစားသမားတွေဆိုတာ ဒီနေ့တွေ့ခဲ့ရပါပြီ။ အားလုံးလည်း ကျွန် တော်တို့အသင်းက ဘယ်လိုအသင်းလဲဆိုတာ အမြဲအမှတ်ရနေမယ်လို့ ယုံကြည်ပါတယ်။ ဗီယက်နမ်နဲ့တွေ့ရမယ့် ဗိုလ်လုပွဲစဉ်ကို အကောင်းဆုံးပြင်ဆင်သွားပါမယ်။ ပထမ အရေးကြီးဆုံးအလုပ်က ကစားသမားတွေ ကောင်းမွန်စွာ အနားရဖို့နဲ့ ဒဏ်ရာသက်သာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ အသင်းရဲ့နောက်ကွယ်မှာ အားပေးနေတဲ့ ပရိသတ်တွေလည်း ပျော်ရွင်နေမယ်ဆိုတာ ယုံ ကြည်ပါတယ် “ဟု ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် Uki Tetsuro က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပထမပိုင်းကစားပုံ ဆိုးရွားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ကျွန်တော်တို့ စိတ်ပျက်နေတာမျိုးမရှိဘဲ ဒီပွဲကို ငါတို့နိုင်အောင် ချမယ်ဆိုတဲ့ စိတ်နဲ့ အတူတူ ကြိုးစားခဲ့ကြလို့ အနိုင်ရခဲ့တာပါ။ ပထမပိုင်းအပြီးမှာ နည်းပြတွေအနေနဲ့ ကစားသမားတွေကို ယုံ ကြည်ပေးပြီး ယုံကြည်မှု ပိုရှိလာအောင်လုပ်ပေးလို့လည်း တကယ့်ကို ကျေးဇူးတင်ပါတယ်။ အဓိက က တော့ လာရောက်အားပေးတဲ့ ပရိသတ်တွေနဲ့ မြန်မာနိုင်ငံမှာ အားပေးနေကြတဲ့ ပရိသတ်တွေပါ။ ဒီအားတွေနဲ့ပဲ ကျွန်တော်တို့ အကောင်းဆုံးဆက်ကြိုးစားနေရတာပါ။ ဗိုလ်လုပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဗီယက်နမ်သင်းနှင့် ဆီးဂိမ်းစ် ဗိုလ်လုပွဲစဉ်ကို မေ ၁၅ရက်နေ့ မြန်မာစံတော်ချိန် ၇နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။