၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်ရောက်
July 10, 2023မြန်မာ့လက်ရွေးစင် ယူ ၁၂ ကစားသမား ရွေးချယ်ပွဲ ( ရန်ကုန်ဇုန်) ပြုလုပ်
July 14, 2023မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင် ၁၃ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘမ်းမြို့တွင် ဗီယက်နမ် အမျိုးသမီး ယူ-၁၉ အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး (၂-၁) ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ယုယုနိုင်၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် ဖြူဖွေး၊ သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ဟေမာန်စိုး၊ ဒီဇင်ဘာနှင်းတို့ ဝင်ရောက်ကစားခဲ့ကြသည်။
မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့သည် ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြပြီး အခွင့်အရေးများလည်း အပြန်အလှန်ရရှိခဲ့ကြသည်။ မြန်မာအသင်း အနေဖြင့် ဂိုးသွင့်ခွင့်များ ပိုမိုရရှိခဲ့သော်လည်း ဂိုးကံခေခဲ့သဖြင့် အခွင့်အရေးကောင်းများ ဆုံးရှုံးခဲ့ရသည်။
မြန်မာအသင်း တိုက်စစ်မှ အခွင့်အရေးများ ရရှိခဲ့သကဲ့သို့ ဗီယက်နမ် အသင်း၏ ဂိုးကန်သွင်းချက်များကိုလည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ကြသည်။ မြန်မာအသင်းအတွက် ဂိုးကို တိုက်စစ်မှူး ယဉ်လွန်းအိမ်က ပွဲချိန် ၈ မိနစ်ကတည်းက သွင်းယူခဲ့ပြီး ပွဲချိန် ၄၃ မိနစ်တွင် ဗီယက်နမ်ဘက်မှ ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
ဒုတိယပိုင်း ပွဲချိန်များတွင် နှစ်သင်းစလုံး လူအပြောင်းအလဲပြုလုပ်ပြီး ကစားခဲ့ကြသော်လည်း ဂိုးထပ်မရသဖြင့် အချိန်ပို ဆက်ကစားခဲ့ကြရာ ပွဲချိန် ၁၀၃ မိနစ်တွင် ဗီယက်နမ်တို့ ဂိုးရရှိသွားပြီး ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။
ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ဗီယက်နမ်က တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။ တတိယလုပွဲမှာ ဆုတံဆိပ်ရယူနိုင်ဖို့အတွက် ဘယ်ပြိုင်ဘက်နဲ့တွေ့တွေ့ အကောင်းဆုံးပြင်ဆင်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၅ ရက်တွင် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနှင့် ည ၇ နာရီတွင် ကစားကြရမည်ဖြစ်သည်။
မြန်မာအသင်းသည် တတိယနေရာလုပွဲစဉ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။