
ဘဏ္ဍာရေးနှင့် ဈေးကွက်ရှာဖွေရေး ကော်မတီ အစည်းအဝေးကျင်းပ
November 24, 2023
MFF Goalkeeping “C” Certificate Coaching Course သင်တန်းဆင်းပွဲကျင်းပ
December 6, 2023မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့ ၂၀၂၃ ဒီဇင်ဘာ ၂၃ ရက်၊ မနက်(၁၀း၀၀)နာရီက နိုဗိုတယ် ရန်ကုန်မက်စ် တွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာသည့် အမှုဆောင်အဖွဲ့ဝင်များ၏ အဆိုပြုချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက အဖွဲ့ချုပ် အနေဖြင့် နှစ်စဉ်နှစ်တိုင်း လိုငွေဖြင့်သာ လည်ပတ်နေရပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ လိုအပ်သလို စိုက်ထုတ်သုံးစွဲနေရခြင်းဖြစ်၍ လက်ရွေးစင် အသင်းပြိုင်ပွဲများ အောင်မြင်မှု ရရှိရန် လိုအပ်သလို အဖွဲ့ချုပ် အနေဖြင့်လည်း စနစ်တကျ စိစစ်သုံးစွဲရန် လိုအပ်ကြောင်း၊ ဘဏ္ဏာငွေရှာဖွေရာတွင် စပွန်ဆာပံ့ပိုးမှုနှင့် ရုပ်သံထုတ်လွှင့်မှု Media Rights များမှဝင်ငွေတိုးမြှင့်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ငွေစာရင်းရှင်းလင်းမှုများနှင့်တကွ တင်ပြဆွေးနွေးခဲ့သည်။
Infrastructure ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းက မြန်မာ အမျိုးသမီး ဘောလုံး အကယ်ဒမီအား မန္တလေးမြို့တွင်လည်းကောင်း၊ လက်ရွေးစင် အသင်းများ လေ့ကျင့်ရေးစင်တာ High Performance Center (HPC)နှင့် Referee Academy တည်ဆောက်ရေး စီမံချက်များနှင့် FIFA, AFC တို့မှပံ့ပိုးကူညီမှုများ အားလည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။ အဆိုပါ ဆောင်ရွက်ရန်ကိစ္စများနှင့် ပတ်သက်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသို့ တင်ပြကာ ခွင့်ပြုချက် ရယူ ဆောင်ရွက်သွားရန် MFF အမှုဆောင်ကော်မတီက ဆုံးဖြတ်ခဲ့သည်။
လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းလှိုင်ကိုယ်စား အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်းက အမျိုးသား ယူ၁၅ လိဂ်၊ ယူ၁၇ လိဂ် ပြိုင်ပွဲများ ကျင်းပခြင်းနှင့် လာမည့်နှစ်များတွင် အမျိုးသမီး ယူ၁၅ ပြိုင်ပွဲကျင်းပရေး၊ အာဆီယံ လူငယ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရေး တို့ကို တင်ပြခဲ့သလို လက်ရှိ သက်တမ်းအလိုက် အသင်းများ၏ ရေရှည်စီမံကိန်းဖြင့် ပြင်ဆင်နေမှုများကိုလည်း ပြန်လည် သုံးသပ်စိစစ်သွားရန်လည်း ဆွေးနွေးခဲ့သည်။
ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်က လက်ရှိကျင်းပနေသည့် ဖူဆယ်လိဂ်ပြိုင်ပွဲများနှင့် အာရှခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်း၏ နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများ၊ ဘက်ဂျက်သုံးစွဲခြင်းနှင့် မြန်မာအသင်း အာရှဖူဆယ်ပြိုင်ပွဲတွင် ပစ်မှတ်ထား ယှဉ်ပြိုင်မည့်ကိစ္စရပ်များ၊ AFC နှင့်ဆက်သွယ်၍ ဖူဆယ်နည်းပြသင်တန်း ဖွင့်လှစ်မည့် အစီအစဉ်များ၊ ကစားသမားများအတွက် Nutrition ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများအား ထည့်သွင်းဆွေးနွေးခဲ့သည်။
နည်းစနစ်ကော်မတီမှ ဦးတင်မြင့်အောင်က အကယ်ဒမီများနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများမှ ကစားသမား ရွေးချယ်မှုစံနှုန်းများ၊ ရေရှည်စီမံကိန်းများအားလည်းကောင်း၊ Football For School Program ဖြင့် ပညာရေးဝန်ကြီးဌာနဖြင့် ပူးပေါင်းကာ လူငယ်ဘောလုံး ပွဲတော်များ၊ နည်းစနစ်မျှဝေခြင်းများအားလည်းကောင်း၊ မြန်မာ့လက်ရွေးစင် အသင်းများဌာန တာဝန်ခံ ဦးထွန်းထွန်းအောင်က လက်ရွေးစင်အသင်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများနှင့် ၂၀၂၄ ခုနှစ် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရေး အတွက် တစ်သင်းချင်းစီ၏ လေ့ကျင့်ရေး အစီအစဉ်များအားလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ဒိုင်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ပတ်သက်၍ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က Referee Academy အတွက် အာရှဘောလုံးအဖွဲ့ချုပ်နှင့် သင်ကြားရေးဆိုင်ရာများ ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ဒိုင်ကြီးကြပ်များ အရည်အသွေး ပိုမိုမြင့်မားလာရေး၊ မျိုးဆက်သစ်ဒိုင်များ ဖော်ထုတ်ရေး၊ ဒိုင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို တင်ပြဆွေးနွေးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရေးနှင့် ကလပ်အသင်းများ ပိုမိုတောင့်တင်းမှုရှိရေး၊ အာရှကလပ်အသင်းပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ရရှိရေး၊ စပွန်ဆာပံ့ပိုးမှုနှင့် ကလပ်အသင်းများအား ပိုမိုထောက်ပံ့ပေးနိုင်ရေး တို့ကိုလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကွန်ဂရက်စ်ကျင်းပရေးနှင့် MFF ရွေးကောက်ပွဲကျင်းပရေး တို့အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နေမှုများအား MFF Election Committee မှတင်ပြဆွေးနွေးခဲ့ကြသည်။