တိုင်းဒေသကြီး/ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များနှင့် MFF တို့ဒေသအလိုက် ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေး

MFF ELECTION (TERM 2024-2028)တွင် ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ၂၆ ဦး စာရင်း ထုတ်ပြန်ကြေညာ
March 8, 2024
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒိုင်လူကြီး အလုပ် အမှုဆောင် ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပ
March 25, 2024

March 16, 2024

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်‌ရေးအတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက Novotel Yangon Max တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလအောင်၊ ကရင်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦး၊ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသင်းမောင်စိုး၊ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အလုပ်အမှုဆောင် ဦးကျော်ကျော်သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ဒုဥက္ကဋ္ဌ ဦးရဲလွင်၊ မကွေးတိုင်း‌ဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းနောင်နှင့် ဒုဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ မန္တလေးတိုင်း ဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးကျော်သက်လှိုင်၊ နေပြည်တော် တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အတွင်းရေးမှူး ဦးအောင်သူရိန်၊ ပဲခူးတိုင်း ဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟိန်းသူနှင့် အလုပ်အမှုဆောင် ဦးချမ်းမြေ့အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်း တို့တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အဖွဲ့ချုပ်၏ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပရေးနှင့် လက်ရွေးစင်အသင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ လိဂ်ပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် စီမံကိန်းများအား ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် ဒေသ အသီးသီးတွင် လိုအပ်နေသည့် အခြေခံ ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နည်းပညာနှင့် လူသားအရင်းအမြစ် ဆိုင်ရာလိုအပ်ချက်များ၊ ကစားကွင်း လိုအပ်ချက်များနှင့် ဒိုင်လုပ်ငန်း၊ နည်းပြသင်တန်း၊ လူငယ်ပြိုင်ပွဲများ၊ အမျိုးသမီး ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးခြင်းများကို တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တင်ပြဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နည်းပြသင်တန်း၊ ဒိုင်သင်တန်းနှင့် ဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး သင်တန်းများအား ဖွင့်လှစ်ရန်နှင့် လူငယ် ပြိုင်ပွဲများ ပူးပေါင်းကျင်းပသွားရန်၊ အမျိုးသမီးဘောလုံး ဖွံ့ဖြိုးရေး၊ လူငယ်ကစားသမားများ၏ ပညာရေး လစ်ဟင်းမှု မရှိစေရေးနှင့် ကစားသမားကောင်းများ ပေါ်ထွက်လာရေး အစရှိသည့် ဒေသအလိုက် ဘောလုံးတိုးတက်ရေး လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အဖွဲ့ချုပ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။