MFF Basic Referee Course 2/2024 သင်တန်းဖွင့်လှစ်မည်
May 6, 2024MFF Standing Committee များအလိုက် အစည်းအဝေးပြုလုပ်
May 13, 2024ဖူဆယ်နှင့်သဲသောင်ပြင် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ မေ ၇ ရက် နံနက်ပိုင်းက Novotel Yangon Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ ဖူဆယ်နှင့်သဲသောင်ပြင် ဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဒုတိ ယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ MFF ခေတ္တအထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးစော၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးထွန်းထွန်းအောင်နှင့် ဦးစည်သူဝင်း၊ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ဖူဆယ်လောကကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ ဖူဆယ်လိဂ် အဆင့်အတန်း တိုး တက်လာအောင် ဆောင်ရွက်ရေး၊ ကစားသမားများ ဘဝခိုင်မာမှုရှိရန် လစာငွေများ တိုးမြှင့်ပေးရေး၊ မန္တလေး အခြေစိုက် အသင်းများ ပြိုင်ပွဲဝင်ရာတွင် အဆင် ပြေရန် ဆောင်ရွက်ပေးရေး၊ မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာရန် လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပရေး၊အမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းကို ထိုင်းနည်းပြ ခန့်အပ်တာဝန်ပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖူဆယ် အမျိုး သား၊ အမျိုးသမီး ပြိုင်ပွဲများ ကျင်းပရေး၊ဖူဆယ် အကယ်ဒမီ ဖွင့်လှစ်နိုင်ရေး၊ ဒိုင်သင်တန်းနှင့် နည်းပြသင်တန်းများ တစ်နိုင်ငံလုံးအနှံ ဖွင့်လှစ်နိုင်ရေး၊ ထိုင်း
ဖူဆယ်လိဂ်ပြိုင်ပွဲ ကျင်းပပုံကို သွားရောက်လေ့လာရေး၊ Beach Soccer ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရေး၊ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအတွက် ၅နှစ် စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ရေး၊ စပွန်ဆာ ရရှိရေးနှင့် ပြိုင်ပွဲဝင်အသင်းများအား ဆုကြေး ပိုမိုပေးအပ်နိုင်ရေး၊ ဖူဆယ်လက်ရွေးစင် အသင်းများ အောင်မြင်မှုရရှိရေး၊ ဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ဘောလုံးများ ထောက်ပံ့နိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေးရေး စသည်တို့အား အကျယ်တဝံ့ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ဖူဆယ်နှင့်သဲသောင်ပြင် ဥက္ကဋ္ဌ ဦးဝင်းသော်က ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲ ကျင်းပရေးဌာန ဒါရိုက်တာ ဦးရဲဝင်းထွန်းက ၂၀၂၄ အတွင်း ကျင်းပသွားမည့် ဖူဆယ်ပြိုင်ပွဲများ၊ ဖွင့်လှစ်သွားမည့်သင်တန်းများ၊ မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်သွားမည့် နိုင်ငံတကာ ပြိုင်ပွဲများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဖူဆယ်လိဂ်(၁)နှင့်(၂)ပြိုင်ပွဲများ၊ ဖူဆယ်ရှုံးထွက် ပြိုင်ပွဲများ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲများ၊ လူငယ်ပြိုင်ပွဲများ စသည့် ကလပ်ပြိုင်ပွဲ အသီးသီး ပိုမိုတိုးတက်ရေးနှင့် ပြိုင်ပွဲများအား ပရိသတ် စိတ်ဝင်စားမှုရရှိရေး၊ ကလပ်အသင်းများ အင်အားတောင့်တင်းရေးနှင့် ပြိုင်ပွဲများအား မှီခိုနေရသည့် ကစားသမားများအတွက် အာမခံချက်များ ပိုမိုရရှိရေး စသည်တို့အား Stakeholders များအားလုံး ပူးပေါင်း၍ ဆောင်ရွက်ကြရန် တက်ရောက်လာကြည်သည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဖွဲ့ချုပ် ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ ဖူဆယ်နှင့်သဲသောင်ပြင် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ မေ ၇ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ဖူဆယ်လိဂ် ကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဖူဆယ်နှင့်သဲသောင်ပြင် ဥက္ကဋ္ဌ ဦးဝင်းသော်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကလပ်အသင်း တာဝန်ရှိသူ များ တက်ရောက်ခဲ့ပြီး ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများနှင့် ပတ်သက်၍ ဆွေနွေးခဲ့ကြသည်။