မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအား MFF ဒု – ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦး တွေ့ဆုံ အားပေး
June 24, 2024အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ဗီယက်နမ်ကို မြန်မာယူ-၁၆ အသင်း ရှုံးနိမ့်
June 28, 2024မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တစ်ပွဲအဖြစ် ဘရူနိုင်း ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၈-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဘရူနိုင်းနှင့်ပွဲတွင် မြန်မာယူ-၁၆ အသင်းအနေဖြင့် ကမ္ဘောဒီးယားနှင့် ကစားခဲ့သော ပွဲစဉ်မှ လူစာရင်းကို အပြောင်းအလဲများစွာပြုလုပ်ပြီး ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ထက်ဝေယံ၊ နောက်တန်း- ကောင်းခန့်သူ၊ သီဟအောင်၊ မျိုးခန့်ကျော်၊ ဉာဏ်အောင်၊ အလယ်တန်း- ကျော်ညီညီ၊ ဘေလားဖုန်းရမ်၊ သော်ဇင်ကို၊ ကျော်သီဟ၊ ရှေ့တန်း- သူရမင်းသန့်၊ မျိုးနန္ဒအောင် တို့ပါဝင်ကစားခဲ့ကြသည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် ပွဲစကတည်းက ဖိဖိစီးစီး ကစားခဲ့ပြီး ပွဲချိန် ၇ မိနစ်တွင် အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၇ မိနစ်တွင် ကျော်သီဟက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြန်မာအသင်းအနေဖြင့် အခွင့်အရေးများ ဆက်တိုက်ရရှိခဲ့ပြီး ပွဲချိန် ၈ မိနစ်နှင့် ၂၃ မိနစ်တွင် သူရမင်းသန့်၊ ပွဲချိန် ၉ မိနစ်တွင် ဉာဏ်အောင်၊ ပွဲချိန် ၁၈ မိနစ်တွင် ကျော်ညီညီ၊ ပွဲချိန် ၂၇ မိနစ်တွင် ကျော်သီဟနှင့် ပွဲချိန် ၃၄ မိနစ်တွင် မျိုးနန္ဒအောင်တို့က သွင်းယူခဲ့ကြရာ ပထမပိုင်းအပြီးတွင် ၇-၀ ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင်လည်း ဘရူနိုင်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့သည့် မြန်မာယူ-၁၆ အသင်းအတွက် နောက်ထပ်ဂိုး တစ်ဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် တိုက်စစ်မှူး မျိုးနန္ဒအောင်က ထပ်မံသွင်းယူနိုင်ခဲ့သည်။
မြန်မာယူ-၁၆ အသင်းအနေဖြင့် ဂိုးများထပ်မံရရှိရေးအတွက် လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး အောင်သော်ခန့်၊ ညီညီသန့်၊ ခွန်အောင်ဆန်း၊ အောင်သီဟနှင့် စွမ်းဇာနည်တို့ကို ထည့်သွင်းကစားခဲ့သော်လည်း ဂိုးထပ်မရခဲ့ဘဲ ပွဲပြီးကာနီးတွင် ဘရူနိုင်း အသင်းဘက်သို့ ပင်နယ်တီပေးခဲ့ရသည်။ ယင်းပင်နယ်တီကို ဘရူးနိုင်း တိုက်စစ်မှူး အေကေဖာရစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့သဖြင့် ပွဲပြီးချိန်တွင် မြန်မာယူ-၁၆ အသင်းက ၈-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲစဉ်အတွက် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို မြန်မာယူ-၁၆ ကွင်းလယ် တောင်ပံကစားသမား ကျော်ညီညီက ရရှိခဲ့သည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် အုပ်စု (ခ)တွင် နှစ်ပွဲကစား ၃ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဗီယက်နမ် အသင်းနှင့် ဇွန်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၂း၃၀ နာရီတွင် ကစားရမည်ဖြစ်သည်။