MFF – ANA Football Clinic ဖွင့်ပွဲအခမ်းအနား ကျင်းပ

The MFF » Grassroots » MFF – ANA Football Clinic ဖွင့်ပွဲအခမ်းအနား ကျင်းပ

November 10, 2018 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်၏ Official Airline ANA မှ ပြုလုပ်သည့် MFF – ANA Football Clinic ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၀ ရက် နံနက် ၈း၀၀ အချိန်က ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ MFF တွဲဖက်အတွင်းရေမှူး (နည်းစနစ်) ဦးတင်မြင့်အောင်၊ ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ ဦးထွန်းထွန်းအောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ANA မှ General Manager Mr. Suzuki Yasuyuki နှင့် ANA မှ တာဝန်ရှိသူများ၊ Football Clinic တွင် ပါဝင်ကြမည့် ကစားသမားများ၊ ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က “မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Offical Airline Sponsor ဖြစ်တဲ့ ANA ဟာ ဒီနေ့ကျင်းပပြုလုပ်တဲ့ Football Clinic မှာပါဝင်တဲ့ ကလေးငယ်တွေရဲ့ ဘောလုံးကစားခြင်းမှာ တိုးတက်လာဖို့ ဂျပန်က နည်းပြဆရာတွေနဲ့ သင်ကြားပြသမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဂျပန်နဲ့ မြန်မာဟာ ဘောလုံးနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီ Football Clinic မှာ ပါဝင်ကြမယ့် သားငယ်၊ သမီးငယ်တွေအနေနဲ့လည်း မူးယစ်ဆေးဝါးအပါအ၀င် အခြားမကောင်းတဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့ အန္တရာယ်တွေကနေ ရှောင်ကွင်း နိုင်ပြီး တိုင်းပြည်အတွက် အားထားရမယ့် သားငယ်သမီးငယ်တွေ၊ အားကစားသမားကောင်းတွေ ဖြစ်အောင် ကြိုးစားကြပါ”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ANA မှ General Manager Mr. Suzuki Yasuyuki က နှုတ်ခွန်းဆက် စကားပြောကြားကာ တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးများကန်သွင်းကာ MFF – ANA Football Clinic ဖွင့်လှစ်ပေးခဲ့သည်။