November 16, 2019 / By Admin
မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့် အသက် ၁၄ နှစ်အောက် MFF 100 Plus Cup 2019 Boy’s တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီက MFF Artificial Turf တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦ းဇော်ဇော်၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ MFF ဥက္ကဋ္ဌ ၏အကြံပေးများ ဖြစ်ကြသည့် ဦးဘန်နီတင်အောင်နှင့် ဦးသန်းဇော်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ပြိုင်ပွဲ Title Sponsor ဖြစ်သည့် 100PLUS မှ Country Manager Mr Freddy Oh နှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ MFF နည်းစနစ် ဒါရိုက်တာ အဲရစ်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ ဘင်ခရာအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အသင်းများ၊ ဖိတ်ကြားထားသူများနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
” အခုလို တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပ ပေးနိုင်အောင် ပံ့ပိုးကူညီပေးတဲ့ 100PLUS ကိုလည်း ကျွန်တော်တို့ အနေနဲ့ တကယ့်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပညာရေး ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး နှစ်တိုင်း ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တွေ အများကြီး ရှိပါတယ်။ မျိုးဆက်သစ် ကစားသမားလေးတွေ ပေါ်ထွန်းလာဖို့ ကျင်းပနေတာ ဖြစ်သလို တစ်ဖက်ကလည်း လူငယ်တွေ မူးယစ်နဲ့အခြား လမ်းမှား ရောက်မယ့် အဖြစ်မျိုးတွေ မဖြစ်အောင် ဘောလုံးအားကစားကို လေ့လာလိုက်စားနေဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဘောလုံး အားကစားကနေ တစ်ဦးတစ်ယောက်တည်း ထူးချွန်ဖို့ မဟုတ်ဘဲ အများနဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် အသင်းအဖွဲ့စိတ်ဓာတ် စသဖြင့် ဘက်ပေါင်းစုံ ထူးချွန်တဲ့ လူငယ်တွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ ပြိုင်ပွဲဝင် အသင်းများ အနေနဲ့လည်း ပြိုင်ပွဲက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး အားကစား စိတ်ဓာတ်အပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်စေလိုပါတယ်” ဟု MFF ဥက္ကဋ္ဌက အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် 100PLUS မှ Country Manager ဖြစ်သည့် Mr Freddy Oh ကလည်း ပြိုင်ပွဲအား ပံ့ပိုးပေးနိုင်သည့် အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရေး အတွက် MFF နှင့် ဆက်လက် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းများကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း နှုတ်ခွန်းဆက် ပြောကြားသွားခဲ့သည်။ ယင်းနောက် MFF ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင် အသင်းများအား တစ်သင်းချင်း လိုက်လံနှုတ်ဆက်ပြီးနောက် ဖွင့်ပွဲအခမ်းအနား ရုတ်သိမ်းခဲ့ကာ ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ် ရှမ်း(မြောက်)နှင့် မကွေး အသင်းတို့ ပွဲစဉ်ကို အားပေးကြည့်ရှုခဲ့ကြသည်။