ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃

The MFF » Activities » ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃

May 13, 2022 / By Admin

(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုတတိယပွဲစဉ်အဖြစ် အိမ်ရှင်ဗီယက်နမ်ယူ-၂၃အသင်းနှင့် မြန်မာယူ-၂၃အသင်း တို့သည် ယနေ့ (မေ ၁၃ရက်) Viet Tri Stadium တွင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၁-၀ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ယင်းပွဲစဉ်တွင် မြန်မာအသင်းသည် အဖွင့်ပွဲစဉ်များတွင် အသုံးပြုခဲ့သော ကစားသမားအများစုကို ပြန်လည်အသုံးပြုခဲ့သော်လည်း ကစားကွက်အပြောင်းအလဲတချို့ပြုလုပ်ခဲ့ပြီး နောက်တန်း ၅ယောက်ပုံစံနှင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည်။ ဗီယက်နမ်အသင်းကလည်း အိမ်ရှင်ပရိသတ်ရှေ့တွင် ရလဒ်ကောင်းရရှိရေးအတွက် မြန်မာအသင်းကို ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့သည်။ သို့သော် မြန်မာအသင်း၏ ကျစ်လစ်သော နောက်တန်းကစားပုံကြောင့် ဗီယက်နမ်အသင်း၏ တိုက်စစ်ထင်တိုင်းမပေါက်ခဲ့ဘဲ အနိုင်ဂိုးရရှိရန် ပွဲချိန်ပြည့်ရုန်းကန်ခဲ့ရသည်။

ယခုပွဲစဉ်သည် နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးကြီးပွဲစဉ်ဖြစ်သောကြောင့် နှစ်ဖက်အသင်းသားများအားလုံး အာရုံစူးစိုက်မှုအပြည့်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါသည်။ ပထမပိုင်းတွင် မြန်မာအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့သော်လည်း ဗီယက်နမ်နောက်တန်းကစားသမားများ၏ လူကပ်ကစားပုံကောင်းမွန်မှုကြောင့် ဂိုးရရှိမည့် အခွင့်အရေးများလက်လွတ်ခဲ့ရသည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက လူစားလဲလှယ်မှုအချို့ပြုလုပ်ခဲ့ပြီး အသင်း၏ ကစားပုံကိုမြှင့်တင်ရန်ကြိုးစားခဲ့သည်။ အတွေ့အကြုံရင့်သက်ကျော်ကစားသမားများဖြစ်သည့် မောင်မောင်လွင်၊ ဝင်းမိုးကျော်၊ အောင်ကောင်းမာန်တို့ကို ထည့်သွင်းကစားခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်း၏ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာပြီး မြန်မာအသင်းဂိုးဘက်သို့ အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့သည်။ ပွဲချိန် ၇၆မိနစ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒိုဟွန်ဒေါင် ကသွင်းယူပေးခဲ့သည်။

“ပြိုင်ပွဲမှ​ာ အတောင့်တင်းဆုံးဖြစ်တဲ့ အိမ်ရှင်ဗီယက်နမ်နဲ့တွေ့ဆုံတဲ့ပွဲမှာ ပွဲချိန်ပြည့်အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားတွေအားလုံးကို ချီးကျူးချင်ပါတယ်။ ပွဲမတိုင်ခင်ချမှတ်ထားတဲ့ နည်းဗျူဟာအတိုင်း ကစားနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ပါတယ်။ တစ်ပွဲလုံးမှာ အမှားနှစ်ကြိမ်ပဲလုပ်ခဲ့ပြီး တစ်ဂိုးပေးလိုက်ရတယ်။ ဗီယက်နမ်အသင်းကို နည်းစနစ်ပိုင်းရော ကြံခိုင်မှုပိုင်းပါ အကောင်းဆုံးယှဉ်ပြီး ကစားနိုင်ခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးထပ်ကြိုးစားသွားဖို့ပဲရှိပါတယ်။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်အောင် အကောင်းဆုံးပြင်ဆင်ပြီး ရလဒ်ကောင်းရရှိအောင် ကြိုးစားသွားမှာပါ” ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာယူ-၂၃အသင်း၏ နည်းပြချုပ် ပိုပေါ့ဗ်က ပြောကြားခဲ့သည်။

မြန်မာယူ-၂၃အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ၆မှတ်ရရှိဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ မြန်မာအသင်းပါဝင်သော အုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ်အသင်းက ရမှတ် ၇မှတ်၊ အင်ဒိုနီးရှားအသင်းက ရမှတ် ၆မှတ်ရရှိထားသည်။ ရမှတ် ၆မှတ်စီရရှိထားသော မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့သည် လာမည့် မေ ၁၅ရက်တွင် ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

PosTeamPldWDLGFGAGDPts
1Vietnam321040+47
2 Indonesia320184+46
3Myanmar 320165+16
4Philippines411267-14
5Timor-Leste3003311-80
Standing Table (Group (A)