အာရှခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် စင်ကာပူ အသင်းအား မြန်မာအသင်း အရေးနိမ့်ခဲ့

The MFF » Latest Activities » အာရှခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွင် စင်ကာပူ အသင်းအား မြန်မာအသင်း အရေးနိမ့်ခဲ့

June 14, 2022 / By Admin

အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် အုပ်စု (F ) ပွဲစဉ်အဖြစ် ဇွန် (၁၄) ရက်က စင်ကာပူ အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စင်ကာပူ အသင်းက (၆-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြချုပ် အန်တွမ်နီဟေး သည် ရှေ့တန်းတွင် သန်းပိုင်အစား အောင်ကောင်းမန်ကို အသုံးပြုကာ ကာဂျစ္စတန် အသင်းအား ရင်ဆိုင်ခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊လွင်မိုးအောင်၊ ရှေ့တန်း – အောင်ကောင်းမန် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း အိမ်ရှင်အသင်းအား ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ကစားကွက် အချိတ်အဆက် မမိဘဲ စင်ကာပူ အသင်း တိုက်စစ်ကို ခုခံနေခဲ့ရသည်။ ပွဲချိန် ၉ မိနစ်တွင် Ikhsan Fandi ၊ ၁၆ မိနစ်တွင် Song Ui young ၄၂ မိနစ်တွင် Gabrial Quak တို့က စင်ကာပူ အသင်းအတွက် အနိုင်ဂိုးများ သွင်းယူခဲ့ကြပြီး မြန်မာအသင်း အတွက် ဂိုး ရရှိရန် ကြိုးပမ်းမှုများအား စင်ကာပူ နောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်ထား နိုင်ခဲ့ကြသဖြင့် ပထမပိုင်းတွင် စင်ကာပူက (၃-၀)ဂိုးဖြင့် ဦးဆောင်နေသည်။

မြန်မာအသင်းသည် ပထမပို်ငးတွင် မမျှော်လင့်ဘဲ ဂိုးများပေးခဲ့ရသဖြင့် ဒုတိယပို်ငးတွင် ချေပဂိုးများ ရရှိရန် ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ထိုးဖောက်ကစားခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် လှိုင်းဘိုဘို ပြစ်ဒဏ်ဘော ပေးပို့မှုမှ ဝင်းနိုင်ထွန်း ခေါင်းတိုက် သွင်းယူခဲ့ပြီး ပထမ ချေပဂိုး ရရှိခဲ့သည်။ သို့သော် တစ်မိနစ် အကြာ ပွဲချိန် ၅၃ မိန်စမှာပင် နောက်တန်း ဘောလုံးပေးပို့မှု အမှားမှ တဆင့် စင်ကာပူ အသင်းဘောလုံး ရသွားပြီး Ikhsan Fandi ကပင်ဆက်လက် သွင်းယူခဲ့သည်။ ချေပဂိုး ရရှိရန် မြန်မာအသင်း ကြိုးစားခဲ့သော်လည်း နောက်တန်းနှင့် ဂိုးသမားတို့ အချိန်အဆက် နားလည်မှု အလွဲအမှားများ၊ တစ်ဦးချင်း အမှားများမှ တဆင့် စင်ကာပူအသင်းက ဂိုးများ ဆက်လက် ရရှိခဲ့သည်။ မြန်မာအသင်းအတွက် အောင်ကောင်းမန်ကဒုတိယ ချေပဂိုးကို ပွဲချိန် ၆၆ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း ၆၉ မိနစ်တွင် Ikhsan Fandi ကလည်းကောင်း၊ ၈၉ မိနစ်တွင် Hafiz Nor ကလည်းကောင်း ဂိုးများ ဆက်လက် သွင်းယူခဲ့၍ ပွဲအပြီးတွင် (၆-၂)ဂိုးဖြင့် စင်ကာပူအသင်းက အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် အာရှဖလား ခြေစစ်ပွဲ အုပ်စုပွဲ ၃ ပွဲကစားခဲ့ရာ (၃)ပွဲစလုံး အရေးနိမ့်ခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပေ။ ပွဲအပြီးတွင် နည်းပြချုပ် အန်တွမ်နီဟေးက ” ဒီနေ့ ပွဲမှာ ပထမပိုင်း ပေးဂိုး (၃)ဂိုးကြောင့် ဖိအားဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဂိုးတွေရဖို့ ပြန်ကြိုးစားခဲ့ပါတယ်၊ ဂိုးသွင်းခွင့်တွေ ရရှိခဲ့သလို ကစားပုံလည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်တဲ့ အမှားတွေကနေ ဂိုးတွေ ပြန်ပေးလိုက်ရတာကြောင့် အသင်းအတွက် အများကြီး နစ်နာသွားခဲ့ရပါတယ်။ ဒီပြိုင်ပွဲ ပြီးဆုံးသွားပေမယ့် အသင်းရဲ့ အနာဂတ်က ရှိနေပါတယ်၊ ကျွန်တော်တို့ ကစားသမားတွေ ၂ နှစ်ကျော်လောက် လိဂ် ပြိုင်ပွဲ မရှိဘဲနဲ့ လက်ရွေးစင် ပွဲတွေ ကစားနေရတာပါ၊ အခု မြန်မာနေရှင်နယ်လိဂ် ပြန်စတင်တော့မှာ ဖြစ်တဲ့အတွက် ကစားသမားတွေ ရဲ့အနာဂတ်အတွက်ရော အသင်းရဲ့ ရှေ့ပြိုင်ပွဲ တွေအတွက်ပါ အခွင့်အရေး ရလာပါပြီ။” ဟု အန်တွမ်နီဟေးက ပြောသည်။