October 2, 2022 / By Admin
၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ -၁၇ အသင်း နှင့် ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းတို့ မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက် နံနက် (၁း၀၀) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဆော်ဒီအာရေဗျ အသင်းက (၆-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ဆလိုင်းအံ့ဘွယ်မောင် (ဂိုး)၊ သူရဇော်၊ ဟန်ထွန်းဇော်၊ ရှိုင်းဝဏ္ဏအောင်၊ နေမင်းထက်၊ မြတ်ဘုန်းခန့်၊ ခွန်းချိုထူး၊ ထူးဝေယံ၊ လင်းထက်ဦး၊ အောင်ဇော်မျိုး၊ ကောင်းထက်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဆော်ဒီအာရေဗျ အသင်းကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော်လည်း ပွဲချိန် ပထမပိုင်းတွင် (၄-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်း အနေဖြင့် ဒုတိယပိုင်းတွင် ကောင်းခန့်ဇော်၊ စောမျိုးဇော်၊ နေလင်းထက်၊ မျိုးမင်းခန့်၊ အောင်ကောင်းမြတ် အစရှိသည့် ကစားသမားကို ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်သည့် ဆော်ဒီအာရေဗျ၏ သွင်းဂိုးနှစ်ဂိုးကို ထပ်မံခွင့်ပြုခဲ့ရသဖြင့် ပွဲအပြီးတွင် (၆-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။ အခြားပွဲစဉ်တွင် ကူဝိတ်အသင်းက မော်လ်ဒိုက်စ်အသင်းကို (၆-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာယူ-၁၇ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက “အနိုင်ရသွားတဲ့ ဆော်ဒီအာရေဗျ အသင်းကို ဂုဏ်ပြုပါတယ်။ ဆော်ဒီအာရေဗျဟာ အိမ်ရှင်ဖြစ်တဲ့အပြင် တောင့်တင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ကျွန်တော့်ကစားသမားတွေ ခရီးပန်းနေကြပြီး အမှားတွေလည်း များခဲ့တဲ့အတွက် အခုလို ရှုံးနိမ့်ခဲ့ရတာပါ။ ကူဝိတ်နဲ့ပွဲအတွက် အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး ကြိုးစားသွားပါ့မယ်” ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၁၇ အသင်းသည် အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် ည ၉း၄၅ နာရီတွင် ကူဝိတ်ယူ-၁၇ အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။