အာရှယူ-၁၇ ခြေစစ်ပွဲတွင် အိန္ဒိယအသင်းကို မြန်မာအသင်း ရှုံးနိမ့်

The MFF » Latest Activities » အာရှယူ-၁၇ ခြေစစ်ပွဲတွင် အိန္ဒိယအသင်းကို မြန်မာအသင်း ရှုံးနိမ့်

October 8, 2022 / By Admin

၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(ဃ) တတိယမြောက် ပွဲစဉ်အဖြစ် မြန်မာ ယူ -၁၇ အသင်း နှင့် အိန္ဒိယ ယူ-၁၇ အသင်းတို့ မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည (၉း၄၅) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိန္ဒိယအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၁၇ အသင်းတွင် စိုင်းသီဟနိုင် (ဂိုး)၊ သူရဇော်၊ ကောင်းခန့်ဇော်၊ မျိုးထက်ဦး၊ ရှိုင်းဝဏ္ဏအောင်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ အောင်ဇော်မျိုး၊ ကောင်းထက်တို့ ပွဲထွက်ခဲ့ကြပြီး အိန္ဒိယ အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့သည်။

သို့သော် မြန်မာအသင်း အနေဖြင့် ပွဲချိန် ၂၇ မိနစ်တွင် အမှတ်မထင် ဂိုးပေးလိုက်ရရာမှ အိန္ဒိယအသင်း၏ ဦးဆောင်ဂိုးများကို ဆက်တိုက်ခွင့်ပြုခဲ့ရပြီး ပထမပိုင်းတွင် ၄-၀ ဂိုးဖြင့် အရေးနိမ့်နေခဲ့သည်။

မြန်မာယူ-၁၇ အသင်းသည် ပွဲချိန် ဒုတိယပိုင်းတွင် ပြည့်စုံအောင်၊ ခွန်းချိုထူး၊ အောင်ကောင်းမြတ်၊ နေမင်းထက်၊ ဟန်ထွန်းဇော် အစရှိသည့် ကစားသမားကို ထည့်သွင်းပြီး ချေပဂိုးရရှိရေး ကြိုးစားခဲ့ရာ ပွဲချိန် မိနစ် ၆၀ တွင် ထူးဝေယံက ဧရိယာထိပ်မှ ကန်သွင်းပြီး ဂိုးရယူနိုင်ခဲ့သည်။

လက်ကျန်ပွဲချိန်များတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးထပ်မံသွင်းယူနိုင်ကြခြင်း မရှိသဖြင့် ပွဲအပြီးတွင် အိန္ဒိယအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ အိန္ဒိယ ယူ-၁၇ အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၇ နှင့် ၃၄ မိနစ်တွင် ဗန်လယ်ပီကာ၊ ပွဲချိန် ၃၂ နှင့် ၄၄ မိနစ်တွင် သန်ဂလယ်ဆောင်တို့က သွင်းယူခဲ့ကြသည်။

မြန်မာယူ-၁၇ အသင်းသည် အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ နာရီတွင် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မော်လ်ဒိုက်စ် ယူ-၁၇ အသင်းနှင့် ကစားရမည်ဖြစ်သည်။