၂၀၂၄ အာရှအမျိုးသမီးယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

The MFF » latest news » ၂၀၂၄ အာရှအမျိုးသမီးယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

November 3, 2022 / By Admin

လာမည့် ၂၀၂၃ခုနှစ် မတ်လအတွင်း ကျင်းပမည့် ၂၀၂၄ခုနှစ်အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့်‌ခြေစစ်ပွဲ (AFC U-20 Women’s Asian Cup Qualifiers Round-1) အတွက် အုပ်စုမဲခွဲပွဲကို ယနေ့ (နိုဝင်ဘာ ၃ရက်) နေ့လယ်ပိုင်းက မလေးရှားနိုင်ငံရှိ အာရှဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (ဆ)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား၊ ပါကစ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

ပြိုင်ပွဲကို မတ် ၄ရက်မှ ၁၂ရက်အထိ ကျင်းပရန်စီစဉ်ထားရာ အာရှဒေသတွင်းမှ အသက် (၂၀)နှစ်အောက် အမျိုးသမီးအသင်းပေါင်း (၃၁) သင်းမှ အုပ်စု (၈) စုခွဲ၍ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အုပ်စုဗိုလ် (၈)သင်းသာ ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ် သည်။

ဒုတိယ အဆင့်သို့ တက်ရောက်လာသော အသင်း (၈ )သင်းထဲမှ အကောင်းဆုံး( ၄) သင်း နောက်ဆုံးအဆင့်သို့ ဝင်ရောက်ခွင့် ရမည်ဖြစ်
ပြီး ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ဇွန် ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

၂၀၂၄ခုနှစ် အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့်‌ ခြေစစ်ပွဲစဉ်များ အုပ်စုခွဲခြားထားမှု

၂၀၁၉ ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးသင်းအဖြစ် ရပ်တည်နိုင်ခဲ့သော လက်ရှိချန်ပီယံဂျပန်၊ မြောက်ကိုရီးယား၊ ‌တောင်ကိုရီးယား နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဉဇဘတ်ကစ္စတန် နိုင်ငံတို့သည် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်စရာ မလိုဘဲ ၂၀၂၄ခုနှစ် အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို တိုက်ရိုက်ဝင်ပြိုင်ခွင့် ရရှိထားပြီး နောက်ဆုံးအဆင့်ပွဲစဉ်များကို ၂၀၂၄ မတ် ၃ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၉အသင်းသည် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော ၂၀၁၉ခုနှစ်ပြိုင်ပွဲတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို အောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

မြန်မာအမျိုးသမီး ယူ-၁၇အသင်းသည် ၂၀၂၄ခုနှစ်အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့်‌ခြေစစ်ပွဲ (AFC U-17 Women’s Asian Cup Qualifiers Round-1) အုပ်စု(စ)တွင် အိမ်ရှင် ကာဂျစ်စတန်၊ အိန္ဒိယ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး ပြိုင်ပွဲကို လာမည့် ဧပြီ ၂၂ရက် မှ ၃၀ရက် ကျင်းပရန်စီစဉ်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၇ အသင်းသည် လက်ရှိတွင် ပြိုင်ပွဲအ တွေ့ အကြုံ ရရှိစေရန် Young Lionesses အမည် ဖြင့် ၂၀၂၂ခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

၂၀၂၄ခုနှစ် အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့်‌ ခြေစစ်ပွဲစဉ်များ အုပ်စုခွဲခြားထားမှု