November 11, 2022 / By Admin
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (၂ /၂၀၂၂)ကို နိုဝင်ဘာ ၁၁ ရက် က Video Conferencing System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်၊ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဇော်မင်းစိန်၊ ဦးထောင်ထာထန်း၊ ဦးခင်မောင်လေး၊ဒေါက်တာ သန်းနိုင်စိုး၊ ဦး တင်မြင့်အောင်၊ ဒေါက်တာရဲမွန်ထွဋ်၊ ဦးထွန်းလှအောင်၊ ဒေါ်မြတ်မြတ်ဦး၊ ဒေါ်မေမြတ်နွယ်၊ဉီးချစ်ဝင်းမောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြံပေးအရာရှိ ဦးဘန်နီတင်အောင်၊ MFF Standing Committee များ၏ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သည့် ဦးသန်းဇော် (Finance & Marketing Committee)၊ ဦးအောင်မျိုးရှိန် (Media and Communication Committee) တို့တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရှေးဦးစွာ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးအား စတင်ခဲ့သည်။
ထို့နောက် MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဘဏ္ဍာရေးနှင့်စျေးကွက် ရှာဖွေရေးကော်မတီဝင်များမှ ဘဏ္ဍာရေးနှင့်စျေးကွက် ရှာဖွေရေး၏ ၂၀၂၂ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၃ ခုနှစ်အတွက် ရသုံးမှန်းခြေစာရင်းနှင့် ပတ်သက်ပြီး တင်ပြခဲ့ရာ ဘဏ္ဍာရေးနှင့် စျေးကွက် ရှာဖွေရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်က ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဧရာဝတီဖောင်းဒေးရှင်း၏ ပံ့ပိုးလှူဒါန်းမှုဖြင့် အကြီးစား ပြန်လည်ပြင်ဆင်သွားမည့် မြက်ခင်းတုလေ့ကျင့်ရေးကွင်း (၃ နှင့် ၄) ၊ ဖူဆယ်လေ့ကျင့်ရေးကွင်းသစ် ပြန်လည်တည်ဆောက်မည့်အကြောင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက နိုဝင်ဘာ ၃၀ရက်တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံကျင်းပရန် သတ်မှတ်ထားခြင်း၊ အွန်လိုင်းမှ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းများကို ကြီးကြပ်မည့် အဖွဲ့ဝင် ၃ ဦးအမည်စာရင်း တင်ပြခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံ၏ တရားဝင် မှတ်တမ်းများကို စစ်ဆေးမည့် အဖွဲ့ဝင် ၃ ဦး အမည်စာရင်း တင်ပြခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာရင်းပိုင်းဆိုင်ရာစစ်ဆေးရန်နှင့် အတည်ပြုပေးရန် စာရင်းကိုင်အဖွဲ့တင်ပြခြင်းများ ပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်များက အတည်ပြုခဲ့သည်။
ဆက်လက်၍ အထွေထွေ ဆွေးနွေးမှုပြုလုပ်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။