AFF Mitsubishi Electric Cup 2022 ဗီယက်နမ်နှင့်မြန်မာ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ

The MFF » Latest Activities » AFF Mitsubishi Electric Cup 2022 ဗီယက်နမ်နှင့်မြန်မာ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ

January 2, 2023 / By Admin

AFF Mitsubishi Electric Cup 2022 ဗီယက်နမ်နှင့်မြန်မာ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ မနက်ပိုင်းက ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် ရှေ့တန်း ကစားသမား အောင်ကောင်းမာန်တို့ တက်ရောက်ဖြေကြား ခဲ့ကြသည်။ မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ဖြေကြားရာတွင် ” အုပ်စုတွင်းမှာ အသင်းတွေက သူ့အားသာချက် အားနည်းချက် ကိုယ်စီရှိကြပြီး ကွာခြားမှုကြီးကြီးမားမား မရှိကြပါဘူး။ ဗီယက်နမ် အသင်းက အသင်းကောင်းတစ်သင်း ဖြစ်ပြီး သူတို့အသင်းမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ ကျွန်တော်တို့ အသင်းကရော.. ကျွန်တော်တို့ အနေနဲ့လည်း ပြီးခဲ့တဲ့ သုံးပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖန်တီးခွင့်တွေ အများကြီး လုပ်ခဲ့တာပဲ။ ကောင်းမွန်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အလားတူပဲ နိုင်ပွဲအတွက် လိုအပ်တဲ့ ဂိုးမရယူနိုင်ခဲ့သလို ဂိုးပေးခဲ့ရတဲ့ အားနည်းချက်တွေ ရှိပါတယ်။ အခုအခြေ အနေမှာတော့ အုပ်စု တက်ခွင့်မရတဲ့အတွက် ဝမ်းနည်းစရာပါ။ အသင်း အနေနဲ့ တည်ဆောက်ဆဲ ကာလလို့ ပြောရမယ့် အနေအထားပါ။ ရှေ့ဆက်ပြီးလည်း ဆီးဂိမ်းစ် အပါအဝင် အိုလံပစ်၊ အာရှ ခြေစစ်ပွဲတွေ၊ နိုင်ငံတကာ ခြေစမ်းပွဲတွေ အများကြီး ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ကျွန်တော်တို့မှာ ယူ၂၃၊ ယူ၁၉ စတဲ့ မျိုးဆက်သစ် အလားအလာ ရှိတဲ့လူငယ်တွေ ရှိနေပါတယ်။ နောက်ပိုင်းမှာ တဆင့်ခြင်း ပြောင်းလဲရမှာတွေလည်း ရှိပါတယ်” ဟု ဗီယက်နမ် မီဒီယာများအား ဖြေကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၃ ပွဲစလုံးမှာ ကျွန်တော်တို့အသင်း ဘယ်လိုကစားခဲ့တယ်ဆိုတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ ပွဲတိုင်းကို ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ စိုးမိုးပြီး ကစားသွားနိုင်ခဲ့တယ်။ ဂိုးရဖို့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဂိုးတွေ ရသင့်သလောက် မရဘဲနဲ့ အသင်းရလဒ် မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပြန်လည် သုံးသပ်ပြီးပါပြီ။ ကျွန်တော်တို့ အသင်းမှာ ပါတဲ့ မျိုးဆက်သစ် ညီငယ်တွေရော အသင်းဖော်တွေ အားလုံးပါ ရလဒ်ကောင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အပြစ်တင်ချင်တယ်ဆို ကျွန်တော့်ကိုပဲ အပြစ်တင်ပါ။ အတတ်နိုင်ဆုံး မျိုးဆက်သစ် အငယ်တွေကို ဖိအားပေး အပြစ်မတင်စေချင်ပါဘူး။ သူတို့မှာ ကြိုးစားပြီး တောက်ပရမယ့် အနာဂတ်တွေ ကျန်နေပါသေးတယ်” ဟု ရှေ့တန်းလူ အောင်ကောင်းမာန်က ဖြေကြားခဲ့သည်။

ဗီယက်နမ်နှင့် မြန်မာတို့ အုပ်စု(ခ)နောက်ဆုံး ပွဲစဉ်အား မနက်ဖြန် ၂၀၂၃ ဇန်နဝါရီ ၃ ရက်၊ မြန်မာစံတော်ချိန် ည(၇)နာရီ၊ ဟနွိုင်မြို့၊ မိုင်ဒင်းအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။