ပြိုင်ပွဲပုံစံ အသစ်နှင့် MFF Futsal League 2022

The MFF » Futsal League » ပြိုင်ပွဲပုံစံ အသစ်နှင့် MFF Futsal League 2022

February 10, 2023 / By Admin

MFF Futsal League 2022 ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။အခြေအနေ အမျိုးမျိုးကြောင့် ယခုနှစ်တွင်မှ ကျင်းပနိုင်ခဲ့သည့် MFF Futsal League 2022 ပြိုင်ပွဲများတွင် တန်းဆင်းတန်းတက် စနစ်ပါဝင်လာမည် ဖြစ်သည်။ ထို့အပြင် League 1 အတွက် ချန်ပီယံ ဖြစ်ခွင့်ကိုလည်း ယခင်နှစ်များနှင့် မတူသည့် ပုံစံဖြင့် ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။

တန်းဆင်း တန်းတက်စနစ်

MFF Futsal League 2022 ပြိုင်ပွဲကို League 1 နှင့် League 2 ဟူ၍ အတန်းနှစ်တန်းခွဲ၍ ကျင်းပမည်ဖြစ်ရာLeague 1 တွင် အသင်း ၁၀ သင်း၊ League 2 တွင် အသင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ League 1ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်မည့် အသင်းနှစ်သင်းအနေဖြင့် League 2ပြိုင်ပွဲသို့ တန်းဆင်းယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့အတူ League 2 ပြိုင်ပွဲတွင် အမှတ်ပေးဇယား ထိပ်ဆုံးတွင်ရပ်တည်နိုင်မည့် အသင်းနှစ်သင်း (Dream Team Legend FC မှလွဲ၍) League 1 သို့ တန်းတက် ယှဉ်ပြိုင်ရခွင့်ရရှိမည်ဖြစ်သည်။

Dream Team Legend FC အသင်းနှင့် ညီနောင်အသင်းဖြစ်သော Dream Team FC အသင်းသည် League 1တွင် ပါဝင်ယှဉ်ပြိုင်နေခြင်းကြောင့်ဖြစ်

အမှတ်ပေးဇယား ရပ်တည်မှု

MFF Futsal League 1&2 2022 ပြိုင်ပွဲများ၏ အမှတ်ပေးဇယား ရပ်တည်မှုကို အောက်ပါအတိုင်းဆုံးဖြတ်မည် ဖြစ်သည်။

၁။ ရမှတ် ရရှိမှု
၂။ နှစ်သင်း (သို့မဟုတ်) နှစ်သင်းထက် ပိုသော အသင်းများ ရမှတ်တူညီနေပါက အမှတ်တူ အသင်းများ၏ ထိပ်တိုက်တွေ့ဆုံမှု
၃။ ထိပ်တိုက်တွေ့ဆုံမှု ဆက်လက်တူညီနေပါက ပြိုင်ပွဲ တစ်လျှောက် ရရှိခဲ့သည့် သွင်းဂိုးပေးဂိုး ကွာခြားချက် (ဂိုးကွာခြားချက်)
၄။ ဂိုးကွာခြားချက် ဆက်လက်တူညီနေပါက သွင်းဂိုးအရေအတွက် အနည်းအများ
၅။ သွင်းဂိုးအရေအတွက် ဆက်လက်တူညီနေပါက အနီအဝါ ပြသခံရမှု (Fair Play) ရမှတ်များ
၆။ ဆက်လက်တူညီနေပါက မဲနှိုက်ခြင်း
စသည်တို့ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်သည်။

League 1 ပြိုင်ပွဲအတွက် ချန်ပီယံဖြစ်ခွင့်

ယခင်က ကျင်းပခဲ့သော MFF Futsal League ပြိုင်ပွဲများတွင် အထက်ပါ အမှတ်ပေးဇယား ရပ်တည်မှု တွက်ချက်မှုများအရ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည့် အသင်းများသည် ချန်ပီယံဆုကို ရရှိခဲ့သည်။ သို့သော် ယခုနှစ် MFF Futsal League (1) 2022 ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိနိုင်ရန်အတွက် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်မည့် အသင်းသုံးသင်းအနေဖြင့် Three Series Play-Off စနစ် ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ချန်ပီယံဖြစ်ခွင့်အတွက် Three Series Play-Off ပွဲစဉ်များကို အောက်ပါအတိုင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အမှတ်ပေးဇယား အဆင့် (၃)နှင့် အဆင့် (၂) တို့ ရရှိခဲ့သည့် အသင်းများသည် ပထမအဆင့် Play-Off ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ရမည်။ ပထမအဆင့် Play-Off ပွဲစဉ်များကို ယှဉ်ပြိုင်ရာ၌ ပထမဆုံးပွဲစဉ်တွင် အဆင့်(၂) အသင်းမှ အဆင့်(၃) အသင်းကို အနိုင်ရရှိခဲ့ပါက နောက်ဆုံးအဆင့် သို့တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ သို့သော် အဆင့်(၃) အသင်းမှ အဆင့်(၂) အသင်းကို အနိုင်ရရှိခဲ့ပါက ပထအဆင့်၏ ဒုတိယမြောက် ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယပွဲစဉ်တွင် အဆင့်(၃) အသင်းက ထပ်မံ အနိုင်ရရှိခဲ့ပါက အဆင့်(၃) အသင်းသည် နောက်ဆုံး

အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ဒုတိယပွဲစဉ်တွင် အဆင့်(၂) အသင်းက ပြန်လည် အနိုင်ရရှိခဲ့ပါက တတိယမြောက်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသည့် အသင်းက နောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Play-Offပွဲစဉ်များ အားလုံးကို အနိုင်အရှုံးပေါ်သည်အထိကစားရမည်ဖြစ်ပြီး သာမန်ပွဲကစားချိန်အတွင်း သရေကျနေခဲ့ပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်Play-Off ပွဲစဉ်တွင် အဆင့်(၁) ရရှိသည့် အသင်းနှင့် ပထမအဆင့်ကို ကျော်ဖြတ်လာသည့် အသင်းတို့ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အထက်ပါ ပြိုင်ပွဲစည်းမျဉ်းများအတိုင်း ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နောက်ဆုံးအဆင့် Play-Off ပွဲစဉ်တွင် အနိုင်ရရှိမည့် အသင်းကသာ MFF Futsal League 2022 (1) ပြိုင်ပွဲ၏ ချန်ပီယံ အဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။

ပြည်ပပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်

MFF Futsal League 2022 ပြိုင်ပွဲတွင် ချန်ပီယံအသင်းနှင့် MFF Futsal Cup ပြိုင်ပွဲများတွင် ချန်ပီယံဖြစ်သည့်အသင်းများအနေဖြင့် အာရှနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်တို့မှ ကျင်းပမည့် ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

MFF Futsal League 2022 ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့် အသင်းအနေဖြင့် AFC Futsal Club Championshipပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ MFF Futsal Cup ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့် အသင်းသည် AFFFutsal Club Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်။

သို့ရာတွင် ပြည်တွင်းပြိုင်ပွဲနှစ်ရပ်စလုံးတွင် ကလပ်အသင်း တစ်သင်းထဲက ဗိုလ်စွဲခဲ့ပါက ဗိုလ်စွဲသည့် အသင်းသည် AFC Futsal Club Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင်ဒုတိယ ရရှိသည့် အသင်းက AFF Futsal Club Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်။

ယခုပြောင်းလဲလိုက်သော ပြိုင်ပွဲကျင်းပသည့် ပုံစံမှာ အီရန်နှင့် ဂျပန်နိုင်ငံတွင် ဖူဆယ်လိဂ်များတွင် ကျင်းပလျက်ရှိသော ပြိုင်ပွဲကျင်းပသည့် ပုံစံဖြစ်သည်။

ကွင်းဝင်ကြေး

MFF Futsal League 2022 (1&2) ပြိုင်ပွဲများကို MFF Futsal Stadium တွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးကို တစ်ဦးလျှင် ကျပ် နှစ်ထောင် သတ်မှတ်ထားသည်။ ယင်းကွင်းဝင်ကြေး ကျပ်နှစ်ထောင်သည် တစ်နေ့တာအတွင်း ယှဉ်ပြိုင်မည့် ပွဲစဉ် အားလုံးကို ကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။