မြန်မာအမျိုးသမီး ယူ-၂၀ အသင်း၏ အာရှခြေစစ်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်

The MFF » latest news » မြန်မာအမျိုးသမီး ယူ-၂၀ အသင်း၏ အာရှခြေစစ်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်

February 23, 2023 / By Admin

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)တွင် အဖွင့်ပွဲအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မူလက အုပ်စု (G)တွင်ပါဝင်ခဲ့သည့် ပါကစ္စတန် အမျိုးသမီး အသင်းနုတ်ထွက်သွားသဖြင့် အိမ်ရှင် ကမ္ဘောဒီးယား၊ မြန်မာနှင့် မလေးရှား အသင်းတို့သာ ကျန်ရှိပြီး မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်နေပြီး ကစားသမား ၃၀ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။