March 12, 2023 / By Admin
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မတ် ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီက မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့ပြီဖြစ်သည်။
မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- မေဦးခင်၊ နောက်တန်း- နှင်းပွင့်အေး၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ အလယ်တန်း- ဖြူဖြူဝင်း၊ နန်းချိုမွှေး၊ ကြယ်စင်၊ ဝေဟင်ဖြိုး၊ စန္ဒာလင်း ရှေ့တန်း- ယဉ်လွန်းအိမ်တို့ ပါဝင်ကစားခဲ့ကြသည်။
မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းသည် မလေးရှားအသင်းကို ပွဲအစမှ အဆုံးထိ ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ဝေဟင်ဖြိုးက သွင်းယူခဲ့သည်။ မြန်မာအသင်းအနေဖြင့် ပွဲချိန် ဒုယပိုင်းတွင် ဇင်မိုးပြည့်၊ ယွန်းဝတီလှိုင်၊ ဟေမာန်စိုးတို့ကို ထည့်သွင်းခဲ့ပြီး အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၈၀ တွင် ယဉ်လွန်းအိမ်နှင့် ပွဲချိန် ၈၅ မိနစ်တွင် ဝေဟင်ဖြိုးကပင် သွင်းယူခဲ့သည်။ မလေးရှားအသင်းအတွင် ချေပဂိုးကို ပွဲချိန် ၅၇ မိနစ်တွင် နာဖရစ်ယာက သွင်းယူခဲ့သည်။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက “ပထမဦးဆုံးအနေနဲ့ ဒီနေ့ပွဲမှာ ကြိုးစားကစားခဲ့ကြတဲ့ နှစ်သင်းစလုံးကို ချီးကျူးပါတယ်။ ကျွန်မတို့ကလေးတွေက ချိတ်ဆက်ပြင်ဆင်လေ့ကျင့်ချိန် သိပ်မရခဲ့တဲ့အတွက် ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ကစားပုံ ကွာဟသွားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။ ယနေ့ပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် ဝေဟင်ဖြိုးကလည်း ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့၍ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။
မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (G) တွင် အိမ်ရှင် ကမ္ဘောဒီးယား အသင်းကို ၂-၀ ဂိုး၊ မလေးရှား အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားပြီး ပထမအဆင့်မှ ခြေစစ်ပွဲ အောင်မြင်လာသော အသင်း (၈)သင်းမှာ အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။
ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။