January 11, 2016 / By Admin
ယနေ့နံနက် (၉)နာရီခွဲ YTCကွင်းတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဆောင်ရွက်နေသည့် FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်-ဖီဖာမှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာဂျရီလာရောက်ကြည့်ရှုခဲ့သည်။ အဆိုပါအစီအစဉ်တွင် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူ သရုပ်ပြအဖွဲ့များက အဖွဲ့လိုက် သွေးပူလေးကျင့်ခန်း သရုပ်ပြခြင်း ၊ ကျောင်းအလိုက် သင်ကြား ထားသော လေ့ကျင့်ခန်းများဖြင့် သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး ဒေါက်တာဂျရီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က တစ်ဖွဲ့ချင်းစီ လိုက်လံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူ သရုပ်ပြအဖွဲ့များ အားလုံး ပေါင်းပြီး ယုံကြည်မှု စက်ဝိုင်းတည်ဆောက်ခြင်းဖြင့် အဆုံးသတ် သရုပ်ပြခဲ့သည်။ ထို့နောက်အစီအစဉ်သို့ တက်ရောက် လာသူများ နှင့် ကျောင်းသား ကျောင်းသူများအားလုံး အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြီး FIFA 11 for Health သရုပ်ပြခြင်းအစီအစဉ်ကို နံနက် (၁၀)နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ဒေါက်တာဂျရီသည် မြန်မာ့နိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးတွင် ၄င်းအစီအစဉ်နှင့် ပတ်သက်ပြီးပြုလုပ်သော အစည်းအဝေးသို့ ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးသို့ ဒေါက်တာဂျရီ၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ FIFA 11 for health အစီအစဉ်ကို ဦးစီး ဆောင်ရွက်သူ ဦးတင်အောင်နှင့် အခြားတာဝန်ရှိသူများအားလုံး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် FIFA 11 for Health ပညာပေးအစီအစဉ်မှာ ကျေနပ်အားရဖွယ်ရှိပြီး ပါဝင်ဆောင်ရွက် ကူညီသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသများသို့ပါ ဆက်လက်ပညာပေး သရုပ်ပြမှုများပြုလုပ်ရန် ဒေါက်တာဂျရီက ပြောကြားခဲ့သည်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှလည်း ပညာပေးရာတွင် ကျောင်းများတွင် သာမဟုတ်ဘဲ မီဒီယာများနှင့် ထိတွေ့ဆက်ဆံပြီး နောက်လာမည့် မျိုးဆက်သစ် လူငယ်များ အားလုံး ကျန်းမာရေးအသိရရှိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။ အဆိုပါ FIFA 11 for Health Programသည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင် ဆောင်ရွက်ခြင်း ဖြစ်ပြီး အခြား အာရှ နိုင်ငံများ ဖြစ်သော လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်ပါ နောက်လာမည့်နှစ်များတွင် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းအစီအစဉ်သည် နောက်လာမည့် မျိုးဆက်သစ်များအားလုံး ကျန်းမာရေးအသိပညာတိုးပွားလာစေရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း ဆောင်ရွက်သော ပညာပေးအစီအစဉ်ဖြစ်သည်။
11 for Health
—————
၁။ ဘောလုံးကစားပါ၊
၂။ အမျိုးသမီးများကို လေးစားပါ။
၃။ ကိုယ်အလေးချိန် ထိန်းပါ။
၎။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးကို ရှောင်ပါ။
၅။ ဆေးခြင်ထောင် ထောင်အိပ်ပါ။
၆။ လက်ဆေးပါ။
၇။ သန့်ရှင်းတဲ့ရေကို သောက်ပါ။
၈။ မျှတစွာ စားပါ။
၉။ ကာကွယ်ဆေးထိုးပါ။
၁၀။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှု ခံယူပါ။
၁၁။ မျှတစွာ ကစားပါ။