March 29, 2023 / By Admin
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် မြန်မာ့ဘောလုံး လောကတွင် လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုထွန်းကားလာရေး အတွက် ပြည်တွင်းပြည်ပ ဘောလုံးပွဲစဉ်များ တာဝန်ယူဆောင်ရွက်နိုင်မည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner(MC) သင်တန်းအား လာမည့် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ MFF ရုံးချုပ်တွင် အခမဲ့ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။ ပြိုင်ပွဲကြီးကြပ်သူ (MC) သင်တန်း တက်ရောက်လိုသူများသည် ဘောလုံးအားကစား စိတ်ပါဝင်စားသူ ဖြစ်ရန်လိုအပ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၊ အာရှ ဘောလုံး အဖွဲ့ချုပ်၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် စသည်တို့မှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရန် လိုအပ်သည်။ MC တစ်ဦးအဖြစ် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီပါက mffeducation.mm@gmail.com သို့ ပူးတွဲပါ Form အားဖြည့်စွတ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
သင်တန်း တက်ရောက်ရန် လိုအပ်သည့် အရည်အချင်း သက်မှတ်ချက်များ
၁။ အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်း (ကျား/မ မည်သူမဆို) ဖြစ်ရမည်။
၂။ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
၃။ English ဘာသာစကား (ရေး/ဖတ်/ပြော) ကျွမ်းကျင်မှုရှိရမည်။
၄။ ဘောလုံး အားကစားအား စိတ်ပါဝင်စား၍ MC အဖြစ် အမှန်တကယ် ဆောင်ရွက်လိုသူ ဖြစ်ရမည်။
၅။ ကျန်းမာရေး ကောင်းမွန်ပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားလာ၍ ဘောလုံးပွဲစဉ် တာဝန်များ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
သင်တန်းလျှောက်လွှာပုံစံ ရယူဖြည့်စွတ်ရန် https://www.mediafire.com/file/89o5ybrqm8tcgqv/MFF+Match+Commissioner+Form.pdf/file
ဘောလုံးပွဲစဉ်များတွင် ပြိုင်ပွဲကြီးကြပ်သူ အဖြစ် မိမိ မူလ အလုပ်အကိုင် အားလပ်ချိန်များတွင် တာဝန်ယူဆောင်ရွက်နိုင်မည် ဖြစ်သလို သက်မှတ်ထားသည့် တာဝန်ထမ်းစရိတ် ခံစားခွင့်ရရှိမည်ဖြစ်သည်။ ထို့အပြင် မိမိအရည်အချင်း တိုးတက်မှုအလိုက် အာရှဘောလုံး အဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် AFC Match Commissioner ဆွေးနွေးပွဲများ သင်တန်းများ သို့ တက်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး AFC မှရွေးချယ်ခံရပါက အာရှဒေသတွင်း ဘောလုံးပြိုင်ပွဲများတွင်လည်း တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ AFC Match Commissioner အဖြစ် နိုင်ငံတကာပြိုင်ပွဲများ တာဝန်ထမ်းဆောင်နေသူ (၂)ဦးရှိနေပြီး အနာဂတ်တွင် MC အရေအတွက် ပိုမိုထွက်ပေါ်လာရန် ရည်ရွယ်ထားသည်။ စိတ်ပါဝင်စား သူများသည် အထက်ဖော်ပြပါ E-mail သို့ လျှောက်လွှာပေးပို့ နိုင်သလို ဖုန်း 09456351541 သို့လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။