ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် (ရန်ကုန်တိုင်းဒေသကြီး) ခြေစစ်ပွဲစဉ်များ စတင်

The MFF » Youth Development » MFF U15 Youth League 2023 » ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် (ရန်ကုန်တိုင်းဒေသကြီး) ခြေစစ်ပွဲစဉ်များ စတင်

April 24, 2023 / By Admin

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ခြေစစ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်း ညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) အား ယခုနှစ် မေလတွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ် ကိုင်းတိုင်း ဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည် တော်ကောင်စီမှ ၁ သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁ သင်း၊ ကယား ပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁ သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါ ဝင်မည်ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထားသည်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားစေမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းအရေအတွက် ၅ သင်းဖြစ်နေသဖြင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ခြေစစ်ပွဲဝင် အသင်း ၅ သင်းမှာ Royal Yangon FC၊ တောင်ဇလပ်မြေ အက်ဖ်စီ၊ Prestige FC၊ ရန်ကုန်လူငယ် (အား/ကာ)နှင့် ရွှေပြည်သာ အက်ဖ်စီ အသင်းတို့ဖြစ်ပြီး ၃ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွက် ခြေစစ်ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းကစားခဲ့သော ခြေစစ်ပွဲပုံရိပ်များနှင့် ဆက်လက်ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်ဇယားကို ဖော်ပြပေးလိုက်ပါသည်။