အင်ဒိုနီးရှားနဲ့ ပွဲအတွက် ရလဒ်ကောင်း ရဖို့ ကြိုတင်ပြင်ဆင်သွားပါမယ်-Michael Feichtenbeiner

The MFF » Latest Activities » အင်ဒိုနီးရှားနဲ့ ပွဲအတွက် ရလဒ်ကောင်း ရဖို့ ကြိုတင်ပြင်ဆင်သွားပါမယ်-Michael Feichtenbeiner

May 2, 2023 / By Admin

၂၀၂၃ ဆီးဂိမ်းစ် အမျိုးသား ဘောလုံး အုပ်စု(က) မြန်မာ(၁-၀) အရှေ့တီမော ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအသင်း နည်းပြချုပ် Michael Feichtenbeiner နှင့် အသင်းခေါင်းဆောင် ဇော်ဝင်းသိန်းတို့ တက်ရောက် ဖြေကြားခဲ့သည်။

“ဒီနေ့ပွဲ ပထမပိုင်းကစားပုံ ကောင်းခဲ့ပြီးတော့ ဂိုးတိုင်ထိထွက်တာ အပါအဝင် ဂိုးရသင့်လျက် မရခဲ့ပါဘူး။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ကျွန်တော်တို့ ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပုံကိုတော့ စိတ်တိုင်းကျမှု မရှိပေမဲ့ အနိုင်ဂိုး ရခဲ့လို့ ကျေနပ်ပါတယ်။ ပွဲဦးထွက် အနိုင်ရဖို့က အရေးကြီးတာကြောင့် ကျွန်တော့် ကစားသမားတွေ ကြိုးစားအားထုတ်မှု အတွက် ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲ ကစားပြီး တစ်ရက်ပဲ အနားရတာမို့ အင်ဒိုနီးရှားနဲ့ ပွဲအတွက် သေချာပြင်ဆင်သွားပါမယ်။ အင်ဒိုနီးရှားနဲ့ ပွဲက အရေးကြီးတဲ့ ပွဲဆိုပေမဲ့ အုပ်စုပွဲတိုင်းကတော့ အရေးကြီးတဲ့ ပွဲတွေပါပဲ။ အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ မတူညီတဲ့ အသင်းတွေကို ချဉ်းကပ်တဲ့နေရာမှာ ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ နည်းဗျူဟာ အသီးသီး ချမှတ်ရမှာပါ။ အင်ဒိုနီးရှားမှာ ကျွန်တော် နည်းပြလုပ်ခဲ့တဲ့ အတွေ့အကြုံအရ အင်ဒိုနီးရှား လိဂ်က တကယ်ကို ကစားသမားကောင်းတွေ ထွက်ပေါ်နေတဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ပါ။ မြန်မာနဲ့ အခြေအနေက မတူပါဘူး။ လက်ရှိ အနေအထားအရ ကျွန်တော်တို့မှာ ကစားသမား ရွေးချယ်ဖို့ ခက်ခဲမှုတွေ ရှိပါတယ်။ လက်ရှိ အသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားက ၃ ဦးပဲ ရှိပါတယ်။ ကျန်တဲ့ ကစားသမားတွေမှာ ယူ၁၈/ယူ ၁၉ အရွယ်တွေလည်းပါဝင်နေပြီး နုနယ်လွန်းတဲ့ အသင်းပါ။ အင်ဒိုနီးရှားနဲ့ ပွဲအတွက် ကျွန်တော်တို့ ရလဒ်ကောင်း ရဖို့ ကြိုတင်ပြင်ဆင်သွားပါမယ်။” ဟု မြန်မာ ယူ၂၂ အသင်း နည်းပြချုပ် မိုက်ကယ် Michael Feichtenbeiner က မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာအသင်းခေါင်းဆောင် ဇော်ဝင်းသိန်းကလည်း ယနေ့ပွဲစဉ်တွင် ဖန်တီးခွင့်များ ပြုလုပ်နိုင်ခဲ့သော်လည်း အဆုံးသတ် ကံမကောင်းခဲ့ကြောင်း၊ နိုင်ပွဲရရှိမှုအတွက် အသင်းဖော်များအားလုံးကို ဂုဏ်ယူပါကြောင်း၊ နည်းပြ ညွှန်ကြားချက်အတိုင်း ကစားနိုင်ခဲ့သော်လည်း အမှားအယွင်းများ ရှိနေသေးပြီး နောက်လာမည့် ပွဲစဉ်များတွင် ရလဒ်ကောင်းမွန်ရန် ပြင်ဆင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ ယူ ၂၂ အသင်းသည် ဆီးဂိမ်းစ် ၂၀၂၃ အမျိုးသား ဘောလုံး အုပ်စု(က) ဒုတိယ ပွဲစဉ်အဖြစ် အင်ဒိုနီးရှား အသင်းနှင့် မေလ ၄ ရက်၊ မြန်မာစံတော်ချိန် ၃း၃၀ နာရီ၊ ကမ္ဘောဒီးယား အမျိုးသား ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။